(ဂ)-မိုင်းပျဉ်းမြို့နယ်တွင် လက်ရှိ (၂၅) ခုတင် ဆံ့ဆေးရုံဟောင်းအစား ခုတင် (၅၀)ဆံ့ဆေးရုံ အသစ်ဖြင့် အစားထိုးဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့(၂၆. ၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai tun seinရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်မှာ ဧရိယာအကျယ်အဝန်းစုစုပေါင်း ၂၃၃၁ စတုရန်းမိုင်ရှိပြီး လူဦးရေအားဖြင့် ၆၈၅၀၈ ဦးရှိပါကြောင်း၊ မြို့ပြလူဦးရေပေါင်း ၆၇၈၉ ဦးနှင့် ကျေးလက်လူဦးရေပေါင်း ၆၁၇၉၉ ဦးဖြစ်ပြီး ရပ်ကွက်ပေါင်း ၇ ရပ်ကွက်၊ ကျေးရွာစုစုပေါင်း ၃၁ အုပ်စု၊ ကျေးရွာပေါင်း ၃၆၈ ရွာ၊ အိမ်ထောင်စုပေါင်း ၁၀၁၄၆ စုခန့် ဖြစ်ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဝင်ပေါက်မြို့နယ်တစ်ခု ဖြစ်ပြီး မြို့နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် ကျန်းမာရေး ပြုစုကုသစောင့်ရှောက်နိုင်ရန် ၂၅ ခုတင်ဆံ့ဆေးရုံတစ်ရုံသာ ရှိပါကြောင်း၊ နှစ်စဉ်တိုးပွားလာသော လူဦးရေနှုန်းထားအရ လက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံအား လူနာများ ဝင်ဆံ့နိုင်ရေးအတွက် များစွာသော အခက်အခဲများနဲ့ တွေ့ကြုံလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ပိုမိုမြှင့်တင် စောင့်ရှောက်ပေးနိုင်ရန်အတွက် လက်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံဟောင်းအစား ၅၀ ခုတင်ဆံ့ ဆေးရုံအသစ်ဖြင့် အစားထိုး စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်များမှာ ကျွမ်းကျင်မှုရှုထောင့်မှကြည့်ပြီး မှန်ကန်သင့်မြတ်သော အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံအား ခုတင် ၅၀ ဆံ့တိုးမြှင့်ရန်အတွက် စီမံကိန်းတွင် ပါဝင်ထား ပြီးဖြစ်သည့်အတွက် ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅၀ သို့ တိုးမြှင့်ရန် စီစဉ်ပြီး ဖြစ်ပါကြောင်း၊ ဆေးရုံအညွှန်းကိန်းများ တက်လာသည်နှင့်အလျောက် အနှေးနှင့် အမြန် မိမိတို့ ၂၀၁၆ မှ ၂၀၂၁ အတွင်း အားလုံးကို Agree လုပ်ပေးမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းအင်အားအပြည့်နှင့် လည်ပတ်နိုင်ရန် ပြည်သူ့ဆေးရုံဖြစ်ရန်မှာ ဝန်ထမ်းအိမ်ရာကိစ္စသည်လည်း အရေးကြီးသဖြင့် နောင်လာမည့် ဘတ်ဂျက်တောင်းခံမှုများတွင်လည်း ဈေးအသက်သာဆုံးနှင့် ဝန်ထမ်းအိမ်ရာများရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို တင်ပြလိုသည်မှာ ဆေးရုံခုတင်တိုးခြင်း၊ အသစ်ဆောက်လုပ်ရန် တောင်းခံခြင်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံခုတင် အဆင့်တိုးမြှင့်ရန် အခြေခံလိုအပ်သည့် Hospital Performance Integrator နှုန်းများကို ယခုအခါ ပြည်သူ့ကျန်းမာရေးပညာရှင်၊ ကပ်ရောဂါဗေဒပညာရှင်များနှင့် ပြန်လည်သုံးသပ်ခိုင်းထားပါကြောင်း၊ ထိုအညွှန်းကိန်းများ၏ စံနှုန်းများသည် ၁၉၉၄ ခုနှစ်က လုပ်ထားသည့် အညွှန်းကိန်းများဖြစ်သည့်အတွက် ယခုအချိန်တွင် မိမိတို့ ပြန်ပြင်ရမည်ကို သိသည့်အတွက် အမြန်ဆုံးအနေဖြင့် Professional များကို လုပ်ခိုင်းထားပါကြောင်း၊ ထို့ပြင် ဆေးရုံတစ်ခု၏  Hospital Performance Integrator အားလုံးကိုလည်း တစ်ခါတည်း Charge ဆွဲပြီး အမြဲ Monitor ဆန်းစစ်ပြီးကြည့်နေမည်ဖြစ်ပါကြောင်း၊ လိုအပ်လျှင် လိုအပ်သလိုတိုးရန် အစီအစဉ်များအားလုံး ချပြီးဖြစ်ကြောင်းကို ရှင်းလင်းဖြေကြားပါသည်။