မေးခွန်း အကြောင်းအရာ
လဲချားမြို့နယ်တွင် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် တည်ဆောက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် တိုးတက်လာသည့်လူဦးရေ၊ တက်ရောက်ဆေးကုသမှုခံယူသော လူနာအရေအတွက် တိုးတက်များပြားလာသည့်အတွက် လက်ရှိ ၂၅ ခုတင်ဆံံ့ဆေးရုံသည် နေရာမလုံလောက်မှုများ များစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့အပြင် သံဃာဆောင်များကိုလည်း နေရာချထား အသုံးပြုနေရသည့် အခြေအနေဖြစ်နေသည့်အတွက် လဲချားမြို့နယ်ရှိ ၂၅ ခုတင်ဆံ့ဆေးရုံကို ၅၀ ခုတင်ဆံ့ စံကိုက်ဆေးရုံအဖြစ် တင်ပြထားသော်လည်း အခြေအနေအရ၊ လက်ရှိခေတ်ကာလအရ ခုတင် ၁၀၀ ဆံ့ဆေးရုံ တည်ဆောက်ပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝမ်ယိမ်း၊ ပန်ပန်၊ ခါလန်ကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူများသည် လဲချားမြို့နယ်ရှိဆေးရုံကို ရောက်ရန်အတွက် လမ်းခရီး ခက်ခဲကြမ်းတမ်းပါသဖြင့် အလွယ်တကူ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန်အတွက် ဝမ်ယိန်းကျေးလက်ဆေးပေးခန်းကို တိုက်နယ်ဆေးပေးခန်းအဖြစ်လည်း ကောင်း တိုးမြှင့်ဖွင့်လှစ်ပေးလျှင် ပိုမိုသင့်လျော် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝမ်ပန်ဒေသရှိ ဆေးပေးခန်းကိုလည်း တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်မည် ဆိုပါက တပ်မောက်၊ ဟိုတိ၊ ဝမ်ပန်၊ ဝမ်ထီစသဖြင့် ကျေးရွာအုပ်စုရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလည်း အလွယ်တကူ လက်လှမ်းမီနိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းဆေးရုံ ၂ ရုံကို တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။
ကျန်းမာရေးဝန်ထမ်းများကိုလည်း ခန့်အပ်စေလွှတ်ထားပြီး ဖြစ်သော်လည်း လက်ရှိ အနေအထားအရ ကျန်းမာရေးဆေးပေးခန်း မတည်ဆောက်ပေးနိုင်သည့် အနေအထားကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ကျေးလက်ကျန်းမာရေးဌာနများကို ဟိုတိကျေးရွာအုပ်စု၊ တပ်မောက်ကျေးရွာအုပ်စုနှင့် ဟဲစံ ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနများကို ကျန်းမာရေးအဆောက်အဦ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံများအား ခုတင် ၅၀ ဆံ့တိုးမြှင့်ရန်အတွက် ကျန်းမာရေး ဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လျာထားချက်များ ရေးဆွဲရာတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ၂၅ ခုတင်ဆံ့ ဆေးရုံအား ခုတင် ၅၀ ဆံ့ အဆင့်သို့ တိုးမြှင့်ရန် စီစဉ်သွားမည် ဖြစ်ပါကြောင်း၊ သို့သော် ယခုလက်ရှိအခြေအနေတွင် ဆေးရုံအသုံးပြုမည့် အညွှန်းကိန်းများအရ ခုတင် ၅၀ အဆင့်သို့ တိုက်ရိုက်တိုးမြှင့်ရန် မသင့်တော်သေးပါကြောင်း၊ မိမိတို့သည် ဆေးရုံတိုင်း၏ ဆေးရုံ Hospital Performance Indicator အညွှန်းကိန်းများကို အမြဲတမ်း လေ့လာသုံးသပ်ပြီး လိုသည့်အချိန်တွင် ချက်ချင်းလုပ်၍ ရပါကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် Planning တွင်လည်း ပါဝင်ပြီးဖြစ်ပြီး သဘောတူညီချက် ရပြီးဖြစ်သည့်အတွက် အချိန်မရွေး လုပ်၍ ရပါကြောင်း။
သို့သော်လည်း ယခုအခြေအနေတွင် ၂၅ ခုတင်ဆံ့ ဆေးရုံကြီး စံကိုက်ဝန်ထမ်းအင်အားရရှိရန် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။ လက်ထောက်ဆရာဝန် ၄ ဦးရှိရမည်တွင် တစ်ယောက်သာရှိပြီး သုံးယောက် Vacant ဖြစ်နေသည်ကိုလည်း မိမိတို့အနေဖြင့် နှစ်လကျော်ခန့်အတွင်း ပြန်လည်ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ ၅ နှစ် စီမံကိန်းကာလအတွင်း ထိုဆေးရုံအညွှန်းကိန်းများ တက်လာသည့်နှင့်အမျှ ချက်ချင်း ခုတင် ၅၀ ဆံ့ကို တိုးသင့်ပါက တိုးပေးမည်ဖြစ်ပါကြောင်း။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဝမ်ယိမ်းကျေးရွာတွင် ကျေးရွာပေါင်း ၈၃ ရွာ၊ အိမ်ခြေ ၃၇၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၂၀၀၀၀ နီးပါး နေထိုင်လျက်ရှိပြီး ဝမ်ယိမ်းကျေးရွာသည် မြို့နယ်ဆေးရုံနှင့် ၂၃ မိုင်ဝေးကွာ၍ မိုးရာသီတွင်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျေးရွာတွင်နေထိုင်သော လူဦးရေများပြားပါသဖြင့် ဝမ်ယိမ်းကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ရုံဖွဲ့စည်းခွင့် အမိန့်ရရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။
ဝမ်ပန်ကျေးရွာတွင် ကျေးရွာပေါင်း ၄၄ ရွာ၊ အိမ်ခြေ ၂၄၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၁၃၀၀၀ ကျော် နေထိုင်လျက်ရှိပြီး လဲချားမြို့နယ် ၂၅ ခုတင်ဆံ့ ဆေးရုံအား ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမည်ဖြစ်သဖြင့် ဝမ်ပန်ကျေးရွာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဟဲ့စိုင်းကျေးလက်ကျန်းမာရေးဌာနခွဲ၊ တပ်မောက် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဟိုတိကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများသည် UNOPS ၏ United Nations Office For project Services မှာ 3MDG-3 Development Millennium Glals Fand ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်ပြီး ကုမ္ပဏီတစ်ခုမှ တင်ဒါအောင်ပြီးဖြစ်ပါသဖြင့် တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သဘောတူပြီးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၅ ရာခိုင်နှုန်းပြီးနေပြီဖြစ်ပါကြောင်း။
ပန်ဆန်းကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်ဆောက်လုပ်ပေးရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုတင်ပြထားခြင်းမရှိသည့်အတွက် ရန်ပုံငွေပါဝင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Center) များသည် အလွန်အရေးကြီးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှာ Midwife နှင့် Public Health Supervisor များလည်း ရှိပါကြောင်း၊ မရှိမဖြစ် လိုအပ်ခြင်း ဖြစ်သည့်အတွက် ရန်ပုံငွေတွင် မပါဝင်သော်လည်း ခက်ခဲဒေသတွင် ရှိသည်ကို အထူးဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မပါသော်လည်း တစ်နည်းအားဖြင့် ပြန်လည်ပြီး ပါဝင်စဉ်းစားပေးမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက ချက်ချင်း ဧပြီလ၊ မေလခန့်တွင် စတင်ဆောင်ရွက်ရန် ကြိုးစားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု တည်ဆောက်မည်ဆိုပါက သန်း ၆၀ ကုန်ကျပြီး ကျေးလက်ကျန်းမာရေးဌာနတစ်ခုဖွင့်မည်ဆိုပါက သန်း ၁၂၀ ကုန်ကျသည်ကို တင်ပြလိုပါကြောင်း၊ သို့သော်လည်း ရင်းနှီးမြှုပ်နှံသင့်သော ပိုက်ဆံများဖြစ်သည့်အတွက် အခြားနေရာတွင် ခြိုးခြံချွေတာပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ (Sub Center) ကိုရရှိအောင် အမြဲမျက်ခြေမပြတ် လုပ်ဆောင်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
