မေးခွန်း အကြောင်းအရာ
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် မူလကဘိုးစဉ်ဘောင်ဆက် လယ်ယာမြေလုပ်ကိုင်နေကြသော လယ်သမားမိသားစုများထံမှ မြို့သစ်စီမံကိန်းအဖြစ် လယ်ယာမြေများကို သိမ်းဆည်းခဲ့သဖြင့် လယ်ယာမဲ့ မိသားစုများနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ အခြေတကျနေထိုင်ကြသော မိသားစုများကို ပြောင်းရွှေ့ပြီး တည်ဆောက်ခဲ့သော မြို့ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်မှ ယနေ့တိုင် နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့သော်လည်း လမ်းများ၊ ရေနုတ်မြောင်းများ၊ အမှိုက်သိမ်းစနစ်များ၊ သောက်သုံးရေ၊ လျှပ်စစ်၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စာသင်ကျောင်းများစသည့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးမှု အထူးလိုအပ်နေသေးသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ အထူးသဖြင့် တောင်မှမြောက် ၁၂ မိုင်ခန့်၊ အရှေ့မှအနောက် ၃ မိုင်ခန့် ၃၀.၅၄၅ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၅၉၄၆၇ စု၊ လူဦးရေ ၃၇၃၇၃၈ ဦးရှိသည့် ရန်ကုန်တိုင်းအတွင်း ဒုတိယလူဦးရေအများဆုံးဖြစ်သည့် မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ဖွဲ့စည်းပုံအရ ၂၅ ခုတင်ဆံ့ဆေးရုံကို ဆရာဝန် ၄ ဦးဖြင့် အမည်ခံချထားပြီးသော်လည်း လက်တွေ့တွင် ယခင် ၁၆ ခုတင်ဆေးရုံအဆောက်အဦနှင့် ဆရာဝန်နှစ်ဦးဖြင့်သာ ဆောင်ရွက်နေရပါ သဖြင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ပါကြောင်း၊ တာဝန်ခံ ဆရာဝန်နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှာ ရှိသမျှအားဖြင့် ကြိုးပမ်းဆောင် ရွက်နေကြရပါကြောင်း၊ လူဦးရေကြပ်တည်းမှု၊ အခြေခံအဆောက်အဦများ လိုအပ်မှု၊ အမှိုက်သရိုက်ပေါ များမှု၊ ရေစီးရေလာ မကောင်းမှုတို့ကြောင့် နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက် ရောဂါများ မကြာခဏဖြစ်လေ့ရှိပါကြောင်း၊ အများစုမှာလည်း အခြေခံလူတန်းစားများဖြစ်၍ အထူးကု ဆေးခန်းများ၊ အထူးကုဆေးရုံများသို့ သွားရောက်ကုသနိုင်ခြင်းမရှိပါသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ပေးမှု လိုအပ်နေပါကြောင်း၊ ယခုအခါ နိုင်ငံသူ နိုင်ငံသား အများစု၏ လူနေမှုအဆင့်အတန်း တိုးတက်မြှင့်မားရေး ဆောင်ရွက်မည်ဖြစ်ပြီး အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သောကြောင့် များစွာ ဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဆေးဝါးပြည့်စုံသော၊ လုံလောက်သော ဆရာဝန်အရေအတွက်ဖြင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ တိုးမြှင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် (၂၅) ခုတင်ဆံ့ ဆေးရုံ ၁ ရုံ၊ လေးထောင့်ကန် တိုက်နယ်ဆေးရုံ ၁ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရပ်ကွက်ပေါင်း ၂၂ ခု၊ လူဦးရေ သုံးသိန်းနှင့် အိမ်ထောင်စုပေါင်း ခြောက်သောင်းနီးပါးတို့ နေထိုင်လျက်ရှိပြီး အဆိုပါဆေးရုံများ၊ ဆေးခန်းများမှာ မြို့နယ်ပြည်သူလူထုက အဓိကအားကိုထားရသော ဆေးရုံဆေးခန်းများဖြစ်ပါကြောင်း၊ ထို့အပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၏ အနောက်ဘက်တွင် ခုတင် ၅၀၀ ဆံ့ သင်္ဃန်းကျွန်းစံပြ အထွေထွေရောဂါဆေးရုံကြီး၊ တောင်ဘက်တွင် ခုတင် ၂၀၀ ဆံ့ သန်လျင်ပြည်သူ့ဆေးရုံကြီးဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါကြောင်း၊ တိုးတက်များပြားလာသော လူဦးရေအနေအထားနှင့် အညီ ယခုလက်ရှိ ခွင့်ပြုထားသော ၂၅ ခုတင်ဆေးရုံကို မိမိတို့အနေဖြင့် အထူးကုဘာသာရပ် ၈ မျိုး ပါဝင်သော ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံအသစ်ကို တိုးမြှင့်ရန် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်များအနေဖြင့် ဆရာဝန်၊ ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အရေးပေါ်ကုသမှု၊ သွားနှင့် မေ့ဆေးများ ပါဝင်မည် ဖြစ်ပါကြောင်း၊ ထိုဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှုအညွှန်းကိန်းများတွင် ဆေးရုံခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်းမှာ ၂၀၁၃၊ ၂၀၁၁ မှ ၂၀၁၅ အတွင်း ပျမ်းမျှ ၄၉.၃ ရာခိုင်နှုန်းသာရှိသော်လည်း တဖြည်းဖြည်း တက်လာသည်ကို တွေ့ရပါကြောင်း၊ ယင်းအညွှန်းကိန်းများအရ ၁၀၀ ဖြစ်ရန် မလိုသေးသည်ဟု မိမိတို့အနေဖြင့် ထင်ပါကြောင်း၊ အညွှန်းကိန်းများ များစွာရှိပါကြောင်း၊ ထိုဆေးရုံတွင် တက်သော လူနာ၊ အတွင်းလူနာ၊ အပြင်လူနာ၊ ဆေးရုံကုတင်ကို တစ်နှစ်လျှင် လူဦးရေမည်မျှ သုံးသည်၊ ဆေးရုံ၏ Cashment Area Population အနေအထား၊ ဘေးနားရှိ ဆေးခန်း၊ ဆေးရုံများရှိသည် စသည့် အချက်အားလုံးကို ကြည့်ပြီးမှသာလျှင် ဆေးရုံတစ်ရုံသည် ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့၊ ခုတင် ၅၀ ဆံ့မှ ခုတင် ၁၀၀ ဆံ့၊ ခုတင် ၁၀၀ ဆံ့မှ ခုတင် ၁၅၀ ဆံ့၊ ခုတင် ၂၀၀ ဆံ့ဟူ၍ မိမိတို့ လုပ်ရပါကြောင်း၊ ထိုအညွှန်းကိန်းများကို မိမိတို့ ပြန်လည်လေ့လာသည့်အခါတွင် ခုတင် ၅၀ ဆံ့ဆေးရုံပေးလိုက်လျှင် လုံလောက်သည်ဟု ထင်ပါကြောင်း၊ ထို့အပြင် ဆေးရုံတွင် ဆရာဝန် ၄ ယောက်ရှိရမည်တွင် တစ်ယောက်သာ ရှိပါသဖြင့် ၃ ယောက် လစ်လပ်လျက်ရှိသည်ကို မိမိတို့အနေဖြင့် အမြန်ဆုံးပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လာမည့် နှစ်လခန့်အတွင်း ဆရာဝန် ၂၀၀၀ နီးပါး အသစ်ခန့်ရန်ရှိပြီး ယင်းဆေးရုံကို ဦးစားပေးအဆင့်အဖြစ် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ခုတင် ၂၅ မှ ၅၀ ကို တိုးလိုက်ခြင်းဖြင့် ဆေးရုံဝန်ထမ်း ၅၅ မှ ၁၅၆ အထိ တက်လာမည်ဖြစ်ပြီး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ခုတင် ၁၀၀ ကို ချက်ချင်းမတိုးရခြင်းမှာ တစ်နေ့လျှင် Admition Rate သည် ၁၃ ယောက်ခန့်သာရှိပြီး ပြင်ပလူနာ ၄၉ ယောက်ခန့်သာ ရှိပါကြောင်း၊ Bad Ocapacy Rate ဖြစ်ပါကြောင်း၊ ခုတင်တွင် လူနာ ၅၂ ရာခိုင်နှုန်းသာ ပြည့်သည့်အတွက် မိမိတို့အနေဖြင့် ခုတင် ၁၀၀ ဆံ့ မပေးသေးခြင်း ဖြစ်ပါကြောင်း၊ သို့သော် လူနာနည်းရခြင်းမှာ ဆရာဝန်တစ်ယောက်သာရှိသည့်အတွက် အခြေအနေကို မိမိတို့ အမြဲသုံးသပ်ပြီး လိုအပ်ပါက အားလုံးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုသော် တစ်ချိန်တည်းတွင် Stadily ဖြစ်နေသည် မဟုတ်ဘဲ တစ်ချိန်လုံးပြောင်းနေသည့်အတွက် မိမိတို့ အမြဲကြည့်ရှု စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာမဲ့မိသားစုများရှိသည့်အတွက် ပြင်ပဆေးခန်းကို ပြရန် ၎င်းတို့အတွက် မလွယ်သည့်အတွက် အထူးအစီအစဉ်ဖြင့် မျက်ခြေမပြတ်အောင် စီစဉ်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
