မေးခွန်း အကြောင်းအရာ
ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်ကို ၁-၁-၁၉၆၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ထိုစဉ်က ဆိုရှယ်လစ်စီးပွားရေးကို အထောက်အကူပြုခဲ့သော အရာထမ်းစီမံခန့်ခွဲမှု သင်တန်းများတွင် စီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ လူမှုရေးပညာ၊ နိုင်ငံရေးသိပ္ပံနှင့် စစ်ပညာစသည့် ဌာနကြီးငါးခုအောက်ရှိ ဘာသာရပ်ပေါင်း ၃၇ မျိုးနှင့် အမှုထမ်းစီမံခန့်ခွဲမှု သင်တန်းများတွင် အထက်ပါ ဌာနကြီးငါးခုအောက်တွင် ဘာသာရပ်ပေါင်း ၄၉ မျိုး သင်ကြားခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၁၉၈၈ နောက်ပိုင်းတွင် တပ်မတော်အစိုးရ၏ အကျိုးစီးပွားကို အထောက်အကူ ပြုစေခဲ့သော အထက်ပါဌာနကြီးငါးခုအပြင် ဥပဒေပညာဌာနဆိုပြီး ဌာနတစ်ခုကို ထပ်မံတိုးချဲ့၍ အရာထမ်းစီမံခန့်ခွဲမှု သင်တန်းများတွင် ဘာသာရပ်ပေါင်း ၅၀ ကို သင်ကြားပို့ချခဲ့ပြီး အမှုထမ်းစီမံခန့်ခွဲမှု သင်တန်းများတွင် အထက်ပါဌာနကြီးငါးခုအောက်ရှိ ဘာသာရပ်ပေါင်း ၅၅ မျိုး သင်ကြားပို့ချခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုအခါ ဒီမိုကရေစီ အရပ်သားလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို ဒီမိုကရေစီသဘောတရားများနှင့် ကိုက်ညီသော ဘာသာရပ်များ၊ သင်ခန်းစာများကိုပို့ချရန် အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊ သို့မှသာလျှင် ထိုဝန်ထမ်းတက္ကသိုလ်မျိုးတွင် သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းအသီးသီးမှာ ဒီမိုကရေစီသဘောတရားများနှင့် ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိသော အောက်မြန်မာပြည် ဖောင်ကြီးဝန်ထမ်း တက္ကသိုလ်နှင့် အထက်မြန်မာပြည်ရှိ ဇီးပင်ကြီးဝန်ထမ်းတက္ကသိုလ်တို့တွင် ပြဋ္ဌာန်းသင်ကြားလျက်ရှိသော သင်ရိုးညွှန်းတမ်းများသည် ယခုအသွင်ကူးပြောင်းရေး ကာလနှင့် လိုက်လျောညီထွေမှုရှိပြီး ဒီမိုကရေစီ သဘောတရားများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့် ပြောင်းလဲအစားထိုး၍ သင်ကြားရန်အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
