(က)-ရာထူးဝန်အဖွဲ့၏ ၂၆-၃-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသောလုပ်သက်ခွင့်ဆိုင်ရာပြ ဋ္ဌာန်းချက်အစား မူလက ပြဋ္ဌာန်းထားသည့်( FR-72,73နှင့်BLR 5,10)အတိုင်း ပြန်လည်ပြင် ဆင်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့(၂၉.၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin hlaingပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၆-၃-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အပိုဒ် ၈၀ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက် (၁၁) ရက်တွင် တစ်ရက်နှုန်းဖြင့် လုပ်သက်ခွင့်ကို ပြက္ခဒိန်နှစ်တစ်နှစ် အတွင်းသာ စုဆောင်းနိုင်ပြီး ပြက္ခဒိန်နှစ်ကုန်ဆုံးချိန်တွင် ကျန်ရှိသော ခွင့်လက်ကျန်အတွက် ပျမ်းမျှလစာနှင့် ဆုကြေးငွေ ခံစားခွင့်ပြုရန် ထုတ်ပြန်ထားပြီး ဆုကြေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၄)ပါ ဆုံးဖြတ်ချက်အရ နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ခိုင်မာမှုအပေါ် စဉ်းစားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း နှစ်အစပိုင်း၊ အလယ်ပိုင်းခန့်တွင် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ အခက်အခဲများကြောင့် လုပ်သက်ခွင့် ခံစားလိုသည့်အခါ စုဆောင်းထားသောခွင့် မရှိခြင်း၊ စုဆောင်းခွင့်မရှိခြင်း စသည်တို့ကြောင့် လစာမဲ့ခွင့်များ ယူရခြင်းမျိုးများ ကြုံရပါကြောင်း၊ ပြက္ခဒိန်နှစ် ကုန်ဆုံးချိန်တွင် ခွင့်နှင့် ပတ်သက်ပြီး စုဆောင်းထားသော ခွင့်တစ်လခန့်ကို ပြည်သူ့ဝန်ထမ်းများက စုပုံပြီး  ခွင့်တောင်းခံကြမည်ဆိုပါက ယင်းကာလသည် ရုံးဌာနအဖွဲ့အစည်းတော်တော်များ၌ အလုပ်များသည့် ကာလလည်းဖြစ်သည့်အတွက် လုပ်ငန်းခွင့်အတွက် အခက်အခဲများ များစွာ ရှိလာနိုင်ပါကြောင်း၊ ထို့နောက် စုဆောင်းထားသော ခွင့်လက်ကျန်ရှိသော်လည်း  မိမိတင်ပြခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆုကြေးအနေဖြင့် ခံစားပိုင်ခွင့်လည်း မသေချာ၊ မရေရာသည့် သဘော တွေ့ရသဖြင့် ပြည်သူ့ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသော လုပ်သက်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်သည် ပေးကာပေး၏ မရဆိုသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပါကြောင်း။

လုပ်သက်ခွင့်နှင့် ပတ်သက်၍ မိမိတင်ပြထားသော အခြေအနေများ ရှိလာသည့်အတွက် ယခင် နိုင်ငံတော်ကောင်စီ၏ ၁၀-၇-၁၉၈၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ဝန်ထမ်းစည်းမျဉ်းဆိုင်ရာ ကောက်နုတ်ချက်စာစောင်ပါ မူလအခြေခံနည်းဥပ‌ဒေ FR-72, 73 နှင့် မြန်မာနိုင်ငံ ခွင့်ပေး‌ရေး နည်းဥပဒေ BLR 5, 10  တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုလည်း မရှိ၊ ပြည်သူ့ဝန်ထမ်းများအတွက်လည်း ခွင့်ခံစားလိုသည့်အချိန်တွင် ထိုက်သင့်သော ခွင့်ခံစားမှုရရှိစေနိုင်သည့် လုပ်သက်ခွင့်ကို စုဆောင်းနိုင်သော ပမာဏကို မူလပြဋ္ဌာန်းထားသည့် အတိုင်း လေးလအထိ ပျမ်းမျှလစာအဖြစ် ပြန်လည်ခံစားခွင့်ပေးနိုင်ရေး၊ ပြင်ဆင်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒေါက်တာဝင်းသိန်း (ဥက္ကဋ္ဌ)
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr win theinပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ပြောင်းလဲကျင့်သုံးခဲ့သော ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ ဖွဲ့စည်းထားရှိသည့် နိုင်ငံတော်အစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အောင်မြင်ပြီးမြောက်စေရန်မှာ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လုပ်ငန်းခွင်အတွင်း အချိန်ပြည့်တာဝန် ထမ်းဆောင်နိုင်မှုတို့မှာ အဓိကအခန်းကဏ္ဍမှ ပါရှိသည့်အတွက် ယခင်ကကျင်‌့သုံးခဲ့သော မူလ အခြေခံနည်းဥပဒေများ၊ နောက်ဆက်တွဲနည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင်နှင့် ဝန်ထမ်းကျင့်ဝတ်တို့မှာ သတ်မှတ်ပြဋ္ဌာန်းခဲ့သော ခွင့်ခံစားခွင့် အပါအဝင် ဝန်ထမ်းများ ခံစားခွင့်ရှိသောအခွင့်အရေးများကို လျော့နည်းသွားခြင်းမရှိစေဘဲ ခေတ်ကာလနှင့်အညီ ချိန်ဆ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အခန်း(၈)တွင် နည်းဥပဒေ ၇၀ မှ နည်းဥပဒေ ၁၁၉ အထိ ခွင့်ခံစားခွင့်များကို သတ်မှတ်ပြဋ္ဌာန်းထားရှိပါကြောင်း။

ယခင် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင်အပိုဒ် ၇၂ အရ သက်ပြည့် အငြိမ်းစားယူမည့်ဝန်ထမ်းများအား အငြိမ်းစားယူရန် ကြိုတင်ခွင့်ပြင်ဆင်ခွင့်ကို ခွင့်ပြုရာတွင် အဆိုပါ ဝန်ထမ်းက စုဆောင်းထားရှိသည့် လုပ်သက်ခွင့်လက်ကျန ်(အများဆုံး လေးလ) ကိုသာ ခွင့်ပြုခဲ့ပြီး၊ ယခုအခါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်ကို စုဆောင်းရန် မလိုဘဲ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို လေးလအထိ တိုးမြှင့်ခံစားခွင့် ပြုပေးထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား လုပ်သက်ခွင့်ကို ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၇ နှင့်အညီ ပြက္ခဒိန် တစ်နှစ်အတွင်းတွင် ခံစားခွင့်ပြုပေးထားပြီး နည်းဥပဒေ ၈၀ တွင် ပြက္ခဒိန်နှစ်အတွင်း ခွင့်စာရင်း၌ ကျန်ရှိသော လုပ်သက်ခွင့်ရက်များအတွက်ကိုလည်း ဆုကြေးအဖြစ် ပျမ်းမျှလစာဖြင့် ခံစားခွင့်ပြုပေးရန် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း။

 သို့ရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများထုတ်ပြန်ခဲ့သည့် ၂၆-၃-၂၀၁၄ ရက်နေ့နောက်ပိုင်း နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏လစာကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ခြင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရ အဆိုပါနည်းဥပဒေ ၈၀ ကိုကျင့်သုံးရန် လတ်တလော ဆိုင်းငံ့ထားသည့်အတွက် ဝန်ထမ်းများတွင် များစွာနစ်နာမှုရှိနေသည့်အပြင် ရေရှည်တွင်လည်း အဆိုပါနည်းဥပဒေကို ကျင့်သုံးရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများကို အတည်ပြုပြဋ္ဌာန်းခဲ့သော ၂၆-၃-၂၀၁၄ ရက်နေ့မှစ၍ နောက်ပိုင်းကာလများတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြက္ခဒိန်နှစ်အလိုက် စုဆောင်းထားရှိသည့်လုပ်သက်ခွင့်ရက် လက်ကျန်များသည်လည်း ပြက္ခဒိန်နှစ်ကုန်ဆုံးလျှင် ပျက်ပြယ်သွားသည်ဖြစ်၍ ပြက္ခဒိန်နှစ် အစတွင် မလွှဲမရှောင်သာသည့် လူမှုရေး၊ ကျန်းမာရေးစသော ကိစ္စရပ်များအတွက် အမှန်တကယ် လိုအပ်၍ မဖြစ်မနေလုပ်သက်ခွင့်ယူရမည့် ဝန်ထမ်းများအတွက် အလွန်ပင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥပဒေ အကြံပေးရေးအဖွဲ့သည် ၁၉-၅-၂၀၁၆ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ ဘာသာရပ်ကျွမ်းကျင်သူ အဆင့်မြင့် အရာရှိကြီးများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါနည်းဥပဒေ ၈၀ အား ပြင်ဆင်နိုင်ရန်အတွက် အမိန့်ကြော်ငြာစာ(မူကြမ်း)ကို ပြုစုပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ပေးပို့ညှိနှိုင်းခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြက္ခဒိန်နှစ်တစ်နှစ် ကုန်ဆုံးချိန်တွင် ဝန်ထမ်းတစ်ဦး၏ ခွင့်စာရင်း၌ ကျန်ရှိသော လုပ်သက်ခွင့်များကို ဆက်လက်စုဆောင်းခွင့်ရှိပါကြောင်း။ သို့ရာတွင် စုဆောင်းနိုင်သည့် ခွင့်ရက်သည် နှစ်လထက်မပိုစေရဟု ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် အကြံပြုချက် ပြန်လည်ရရှိပြီးဖြစ်ပါသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း ထုတ်ပြန်ပြဋ္ဌာန်းချက် ကျင့်သုံးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း။

အဆိုပါနည်းဥပဒေကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့်အညီ ပြင်ဆင်ထုတ်ပြန် မည်ဆိုပါက အစိုးရဌာနများနှင့် ဝန်ထမ်းများအတွက် နှစ်ဦးနှစ်ဖက်မျှတမှုရှိစေရန် ချင့်ချိန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေပိုမိုသုံးစွဲရမည့် အခြေအနေကို ရှောင်ရှားနိုင်ခြင်း၊ ဝန်ထမ်းများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ထိရောက်စွာထောက်ကူပံ့ပိုး ကူညီနိုင်ခြင်း၊ ဝန်ထမ်းများအနေဖြင့် ပြက္ခဒိန်နှစ်စတွင် လုပ်သက်ခွင့်ခံစားရန် အခက်အခဲ မရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ မလွဲမသွေရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၈၁ တွင် သက်ပြည့်အငြိမ်းစားယူမည့်ဝန်ထမ်းအား ကြိုတင် ပြင်ဆင်ခွင့် လေးလကို အလိုအလျောက်ခံစားခွင့်ပြုပြီးဖြစ်ရာ အသက် ၆၀ နှစ်ပြည့်မည့်နှစ်တွင် ဝန်ထမ်းအနေဖြင့် ယခင်လုပ်သက်ခွင့်လက်ကျန်သာမက အဆိုပါ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလကိုပါ ခံစားခွင့်ရှိမည်ဖြစ်၍လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း၌လည်း အခြားခွင့်အမျိုးအစားများ (ဥပမာ-အမျိုးသမီး ဝန်ထမ်းများအား မီးဖွားခွင့် ခြောက်လခံစားခွင့်ပြုခြင်း၊ အမျိုးသားဝန်ထမ်းများအား ကလေးပြုစုစောင့်ရှောက်ခွင့် နှစ်ပတ်ခွင့်ပြုခြင်းစသည်) ကိုလည်း ခံစားခွင့်ပြုထားသဖြင့် လည်းကောင်း ယခင်ပြဋ္ဌာန်းခဲ့သည့် မူလအခြေခံနည်းဥပဒေများ (Fundametal Rules-FR)၊ ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင်တို့တွင် သတ်မှတ်ထားသည့် ခွင့်ခံစားခွင့်များထက် လျော့နည်းမှုမရှိပါသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုပြန်ကြားထားသည့်အတိုင်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်ချို (လှိုင်းဘွဲ့မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရာထူးဝန်ဥက္ကဋ္ဌ၏ ဖြေကြားချက်အရ ခွင့်ကို တစ်လထိ နှစ်လထိ စုဆောင်းခွင့်ပေးမည်ဟု သိရှိရပါကြောင်း၊ ဝန်ထမ်းများသည် ကျန်းမာရေးအရ တစ်စုံတစ်ခု ခံစားရသည့်အခါမျိုးတွင် လုပ်သက်ခွင့်နှစ်လသာ ခံစားခွင့်ရမည်ဖြစ်ပါကြောင်း၊ တစ်ချို့သော အခြေအနေများသည် နှစ်လမက ဒုက္ခရောက်သည့်သူများ ရှိပါကြောင်း၊ ထိုအခါ ကျန်းမာရေးအရ ဆေးလက်မှတ်ခွင့် ယူမည်ဆိုပါက ဝန်ထမ်းများက ပျမ်းမျှလစာ၏ တစ်ဝက်သာ ရသည့်အတွက် ဝန်ထမ်းများက လစာတစ်ဝက်ဖြင့် ၎င်း၏ ကျန်းမာရေးကလည်း အခြေအနေ မကောင်းသည့် အတွက် အဆင်မပြေ ဖြစ်ရပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြလိုသည်မှာ နှစ်လအစား မူလအတိုင်း လေးလအထိသာ ပြန်လည်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မူလအခြေခံဥပဒေတွင်  ပြဋ္ဌာန်းခဲ့သော လေးလသည် နှစ်ပေါင်းများစွာ မိမိတို့ ၁၉၈၂ ခုနှစ် အလုပ်စဝင်တည်းက ပင်စင်သွားသည်အထိ ယင်းကာလသည် ခွင့်ကို လေးလစုဆောင်းခွင်‌့ဟု သတ်မှတ်ပေးပါကြောင်း၊ မည်သည့်အခါမှ တစ်ခါတည်း လေးလမပေးပါကြောင်း၊ ထို့ကြောင့် ခွင့်ပေးပိုင်ခွင်‌့ရှိသော အရာရှိကလည်း ဥပဒေပါ စည်းမျဉ်းအတိုင်း သူပေးပိုင်ခွင့်ရှိသလောက်သာ ပေးပါကြောင်း၊ မိမိတို့လည်း ခွင့်ကာလ တစ်လျှောက်လုံး လုပ်သက်တစ်လျှောက်လုံးတွင်လည်း ခွင့်များ အပြည့်အဝ ခံစားသည်မျိုး မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် လေးလသည် စုဆောင်ခွင့်သာဖြစ်ပြီး ခွင်‌့တကယ်ခံစားမည် ဆိုပါကလည်း ဝန်ထမ်းတစ်ယောက်သည်‌ ခွင့်ခံစားနေသည့် ကာလအတွင်း နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်သူအကျိုး၏ လိုအပ်ချက်အရ အချိန်မရွေး ပြန်လည်ခေါ်၍ ရသည့် ဥပဒေက ပြဋ္ဌာန်းထားပြီးသား ရှိပါကြောင်း၊ ထို့ကြောင့် မူလဥပဒေပါအတိုင်း လေးလအနေဖြင့် ပြန်လည်ဆောင်ရွက်ပေးစေပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဒေါက်တာဝင်းသိန်း (ဥက္ကဋ္ဌ)

လုပ်သက်ခွင့်နှင့် ပတ်သက်ပြီး ယခင်ပြဋ္ဌာန်းခဲ့သည့် ခံစားခွင့်လေးလသည် မိမိတို့ သက်ပြည့်မတိုင်မီ ခံစားခွင့်လေးလဆိုသည်မှာ တောက်လျှောက်လုပ်ငန်းထဲတွင် စုဆောင်းလာရပြီး ရရှိလာသည့် အခွင်‌့အရေး လေးလဖြစ်ပါကြောင်း၊ ယခုအချိန်၌ ဥပဒေထဲတွင် ကြိုတင်ပြင်ဆင်ခွင့် လေးလသာ ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သက်ပြည်‌့ပင်စင် မခံစားမီ ကြိုတင်ပြီး စုဆောင်းရန်မလိုဘဲ ခွင့်လေ့လာပုံဥပဒေနှင့်အညီ ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ တခြားတစ်ဖက်တွင်လည်း ဝန်ထမ်းများ တာဝန်ထမ်းဆောင်သည့်အချိန်တွင်လည်း တာဝန်ထမ်းဆောင်ခြင်းနှင့် ဖြစ်ပေါ်လာသည့် လူမှုရေး၊ ကျန်းမာရေး စသည့် အခြေခံအခက်အခဲများကိုလည်း ပြန်လည်ဖြေရှင်းနိုင်ရန်အတွက် ယခင်က ပြဋ္ဌာန်းခဲ့သည့် တစ်နှစ်တွင် တစ်လ၊ တစ်နှစ်ပြီးသည့်အချိန်တွင် စုဆောင်းထားသည့် တစ်လကို အလိုအလျောက် ပျက်ပြယ်သွားပါကြောင်း၊ သို့ရာတွင် ခွင့်မယူသည့်အတွက် ဆုကြေးအဖြစ် ခံစားခွင့်ဆိုသည့် အနေအထားတွင်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ အခက်အခဲကြောင့် ပေးနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် အဖက်ဖက်က စဉ်းစားပြီး မိမိတို့ ငွေစာရင်းဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံး၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ရှေ့နေချုပ်ရုံးများနှင့် အပြန်ပြန်အလှန်လှန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားစနစ်သစ်နှင့်အညီ ဝန်ထမ်းများ၏ လုပ်အားကိုလည်း အပြည့်ရရန်၊ ဝန်ထမ်းများဘက်ကလည်း ခံစားခွင့်များ မထိခိုက်ရန်၊ ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်အနေဖြင့် အတတ်နိုင်ဆုံး ဝန်ထမ်းများကို ပံ့ပိုးပေးနိုင်ရန် ဟန်ချက်ညီညီ စဉ်းစား ဆွေးနွေးပြီး ယခုပြင်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြခဲ့သော ယခင်ကပြဋ္ဌာန်းခဲ့သည့် လေးလ စုဆောင်းခွင့်ရှိသည်ကို ဝန်ထမ်းများကိုယ်တိုင် စုဆောင်းထားမှသာ ရရှိမည့် အခွင့်အရေးဖြစ်ပါကြောင်း၊ အခုဥပဒေတွင်လည်း လေးလသည် အလိုအလျောက် ဥပဒေထဲတွင် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ထို့အပြင် သက်ပြည့် ၆၀ နှစ်မတိုင်မီ ယခုပြဋ္ဌာန်းထားသော နှစ်လ စုဆောင်းခွင့်ကိုပါ ဝန်ထမ်းတစ်ဦးသည် ခွင့်မယူခဲ့ပါက သက်ပြည့် ၆၀ နှစ်မတိုင်မီ မယူခဲ့သည့် ခွင့်နှစ်လအပါအဝင် မူလပြဋ္ဌာန်းပြီးသော လေးလကိုပါပေါင်းပြီး ခံစားခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် နိုင်ငံတော်ဘက်၊ နိုင်ငံ့ဝန်ထမ်းဘက်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေဘက်ကပါ အမျိုးမျိုးကို ချင့်ချိန်ပြီးတော့ ယခင်ပြဋ္ဌာန်းခဲ့သော တစ်နှစ်တွင် တစ်လ ခွင့်ခံစားခွင့်အစား စုဆောင်းခွင့်ကို  နှစ်နှစ်ဆက်တိုင် စုဆောင်းခွင့်ရရှိသည့်အတွက် ပထမနှစ်အပြီး ဒုတိယနှစ် အစတွင် တွေ့ရမည့် အခက်အခဲများကိုလည်း ကျော်လွှားနိုင်ရန်နှင့် နိုင်ငံတော်၏ လုပ်အား၊ နိုင်ငံတော်၏ဘဏ္ဍာ စသည့်နှစ်ချက်ကိုလည်း ညီမျှအောင်စဉ်းစားပြီး ယခုကဲ့သို့ နှစ်လ စုဆောင်းခွင့်ရှိသည်ကို ပြင်ဆင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလက်ရှိအနေအထားတွင် ပြင်ဆင်ရန်အတွက် မိမိတို့ ရှေ့နေချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေစာရင်းဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံးများနှင့် အဖက်ဖက်ကို စဉ်းစားပြီး ယခုကဲ့သို့ နှစ်လစုဆောင်းခွင့်ရှိသည်ဆိုသည့် ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားစနစ်သစ်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အင်တိုက်အားတိုက် နှစ်ဦးနှစ်ဖက်၊ နိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၊ ဝန်ထမ်း သုံးပွင့်ဆိုင် ညီညီမျှမျှနှင့် သွားနိုင်ရန်အတွက် ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။