(ဃ)-မဏိပူရစီမံကိန်းများဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဆိုပါကဒေသခံများနှင့်နိုင် ငံတော်အတွက်ရေရှည်မှာအကျိုးကျေးဇူးရရှိမည်ဖြစ် ပါသဖြင့် ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာ ချပြပြီးဆောင်ရွက်ရန်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့(၂၅. ၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

          aye aye muမိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရန် ဆည်ရေသောက်လယ်ဧကများ တိုးတက်များပြားလာခြင်းနှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးသည် အရေးကြီး လိုအပ်ချက် ဖြစ်ပြီး အဆိုပါလိုအပ်ချက်ကို ဖြည်ဆည်းပေးနိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်လျက် ရှိရာတွင် ချင်းပြည်နယ်၊ မဏိပူရမြစ်ပေါ်ရှိ မဏိပူရ၏ ဘက်စုံရေလှောင်တမံ စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပထမအကြိမ်လွှတ်တော်သို့ သက်ဆိုင်ရာဝန်ကြီးဌာနမှ ရှင်းလင်းရာတွင် စီမံကိန်းများ ခေတ္တရပ်နား ထားပါကြောင်း၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် China Habour Engineering Co.,Ltd တို့ ပူးပေါင်း၍ Bot စနစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်မြည်ဖစ်ကြောင်း၊ သို့သော် ၂၀၁၀-၂၀၁၅ အစိုးရသက်တမ်းအတွင်း ပြီးစီးရန်မဖြစ်နိုင်သည့်အတွက် ကတိကဝတ်ဖြစ်ပေါ်နေသည့်စာရင်းမှာ ပယ်ဖျက်ပေးရန် တင်ပြထားကြောင်းရှင်းလင်းခဲ့သည်ကို မှတ်တမ်းအရသိရှိရပါကြောင်း၊ အဆိုပါ စီမံကိန်းကို ၁၉၇၃ ခုနှစ်တွင် မြန်မာ့လျှပ်စစ်လုပ်ငန်းမှ ပဏာမ စူးစမ်းလေ့လာမှုများပြုလုပ်ခဲ့ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စီမံကိန်းခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၁၃၁၀၀၀ ကျပ်ဖြင့် တွက်ချက်လျာထားခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ကျပ်သန်းပေါင်း ၁၇၅၀၈.၂၉၂ ကျပ်ခွင့်ပြုခဲ့ကာ ကျပ်သန်းပေါင်း ၁၄၇၄၀.၁၆၀ သုံးစွဲ ခဲ့သည်ကို  စာရင်းဇယားများအရ သိရပါကြောင်း၊ ယင်း စီမံကိန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်မှ ယနေ့အထိ ရပ်ဆိုင်း ထားခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခန့်မှန်း တန်ဖိုး ကျပ်သန်းပေါင်း ၂၉၇၀၀၀ တွက်ချက်ထားခဲ့ပြီး ယခုနှစ်တွင် ကျပ်သန်းပေါင်း ၈၀၀၀ အဆိုပြုတင်ပြတောင်းခံထားသော်လည်း ထောက်ခံခွင့်ပြုထားသည်ကို တွေ့ရှိရခြင်း မရှိပါကြောင်း၊

မဏိပူရစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ရေလှာင်တမံ အလျားသည် ၂၄၄၄ ပေ၊ အမြင့် ၅၇၂ ပေရှိသည့်အတွက် လုပ်ငန်း ထုထည် ပမာဏကြီးမားပြီး ကလေးမြို့နယ်ပြည်သူများ စိုးရိမ်စိတ်ရှိကြပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း စိုက်ဧက ၅၀၀၀၀ ကို တစ်နှစ်ပတ်လုံးရေပေးဝေနိုင်မှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၈၀ ထုတ်လုပ်နိုင် မည်ဖြစ်ကာ ရေသယံဇာတများကို စနစ်တကျ ထိန်းချုပ် အသုံးပြုလာနိုင်မည်ဖြစ်ခြင်းကြောင့် ချင်းပြည်နယ်နှင့် ကလေးမြို့နယ်ဒေသခံများနှင့် နိုင်ငံတော်အတွက် ရေရှည်မှာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းကို ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာ ချပြပြီးဆောင်ရွက်ရန် ရှိ/မရှိ၊ ဆက်လက်ဆောင်ရွက်ရန်ရှိပါက (၁) ပြည်တွင်းပညာရှင်၊ ပြည်တွင်း အရင်းအနှီးဖြင့် တည်ဆောက်အကောင်အထည်ဖော်မည် သို့မဟုတ် (၂) ပြည်ပအတတ်ပညာရှင်၊ ပြည်ပ အရင်းအနှီးများဖိတ်ခေါ်တည်ဆောက်ပါမည်၊  (၃) ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား များကို မည်သို့စီမံခန့်ခွဲဆောင်ရွက်မည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

          pe zin tunမဏိပူရ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား အထက်ဘက် ၂.၅ မိုင်ခန့်အကွာ၊ ဆည်တော်ရွာအနီး မဏိပူရ်မြစ်ပေါ်တွင် တည်ရှိပါ ကြောင်း၊ ရေလှောင် တမံအလျား ၂၄၄၄ ပေ၊ အမြင့် ၅၂၇ ပေ ရှိ ကျောက်ဖြည့်တာတမံဖြစ်ပြီး ဧကပေ ၁၂၆၀၀၀၀ သိုလှောင်နိုင်မည်ဖြစ်ကာ လယ်မြေဧက ၅၀၀၀၀ ခန့် စိုက်ပျိုးရေပေး ဝေရေးနှင့် လျှပ်စစ်ဓာတ်အား ၃၈၀ မဂ္ဂါဝပ်ထုတ်ယူရန်၊ မြစ်သာမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ် တစ်လျှောက် နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ် တားဆီးနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ဘက်စုံစီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်း တည်ဆောက်ရန် နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၂-၉-၂၀၀၆ ရက်နေ့တွင် ကျင်းပခဲ့သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၀၆)မှ ခွင့်ပြုချက်အရ တာတမံ တည်ဆောက်မှုလုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီး ရေအားလျှပ်စစ်တည်ဆောက်မှု လုပ်ငန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ စီမံကိန်းတည်ဆောက် ရေးလုပ်ငန်းများကို ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၀၄-၂၀၀၅ ခုနှစ်မှ စတင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေနဲ့ မဏိပူရ်စီမံကိန်းရဲ့အကြိုတည်ဆောက်မှုလုပ်ငန်းများ၊ တာတမံ တည်ဆောက်မှုလုပ်ငန်းများ၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေပိုလွှဲတည်ဆောက်မှု လုပ်ငန်းများ အား နိုင်ငံတော်ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၇၅၀၈.၂၉၁ ကျခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကိုသိရှိရပါကြောင်း၊

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖြင့် ဆောင်ရွက်ရမည့် လျှပ်စစ်ထုတ်ယူရေးလုပ်ငန်းရပ်များ ကို ၂၀၀၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ရေယူဥမင်လိုဏ်အမှတ်(၁)နှင့် အမှတ်(၂)တို့၏ အဝင်ပိုင်း၊ အထွက်ပိုင်း အပေါ်ယံမြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေထိန်းတံခါးပြွန် အမှတ်(၁)နှင့် အမှတ်(၂)မှာ အပေါ်ယံမြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်း အပေါ်ယံ မြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ကဗျည်းချောက်ကျေးရွာ အနီး ကျောက်ထုတ် ဧရိယာပဏာမစူးစမ်းလေ့လာခြင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊
 စီမံကိန်းကို JV/BOT စနစ်နှင့်ဆက်လက်ဆောင်ရွက်ရန် ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီ MEGA Resources Co.,Ltd၊  ကိုရီးယားသမ္မတနိုင်ငံ HANSHIN Engineering and Construction Co.,Ltd နှင့် ရေအားလျှပ်စစ်စီမံကိန်းဦးစီးဌာနတို့သည် မဏိပူရ်စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ တာတမံလုပ်ငန်းများ၊ ရေအားလျှပ်စစ်စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာ MOU ကို၂၉-၈-၂၀၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးဆောင်ရွက်ခဲ့ပြီး အဆိုပါ MOU အရ စီမံကိန်းဖြစ်မြောက်နိုင်ကြောင်းအစီရင်ခံစာ(FSR) တင်ပြခြင်း မရှိသေးသည့်ကာလအတွင်း HANSHIN Engineering and Construction Co.,Ltd မှ စီမံကိန်း တည်ဆောက်ရမည့်အချိန်များနှင့် အခြေအနေများသည် အသေးစိတ်လေ့လာပြီးနောက် ရင်းနှီးမြှုပ်နှံ အခက်အခဲရှိကြောင်းကို တင်ပြပြီး MOU ကို ပယ်ဖျက်ခဲ့ပါကြောင်း၊

စီမံကိန်းကို JV/BOT စနစ်ဖြင့်ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်း တိုင်းရင်းသား ကုမ္ပဏီဖြစ်သော စိန်အင်တာပရိုက်၊ China Harbour Engineering ကုမ္ပဏီ လီမိတက်နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က နားလည်မှုစာချွန်လွှာကို ၁၈-၉-၂၀၁၄ ရက်နေ့တွင် ထပ်မံလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါကြောင်း၊ MOU အရ စီမံကိန်းဖြစ်မြောက် နိုင်စွမ်း အစီရင်ခံစာကို ၂၄ လအတွင်း တင်ပြရန်နှင့် စိန်အင်တာပရိုက်နှင့် China Harbour Engineering ကုမ္ပဏီ လီမိတက်တို့က စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို ၁၈-၉-၂၀၁၅ ရက်နေ့မှာ တင်ပြလာခဲ့ပါကြောင်း၊

          လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တင်ပြလာသည့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို စိစစ်ရာတွင် လိုအပ်ချက်များရှိနေတဲ့အတွက် ဖြည့်စွက်ဆောင်ရွက်ဖို့ သဘောထား မှတ်ချက်ပြုခဲ့ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့ ပါကြောင်း၊ ယခင် နိုင်ငံတော်သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မဏိပူရ်စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှု လုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းပိုင်းကို လျှပ်စစ် ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသဖြင့် စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering ကုမ္ပဏီလီမိတက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ် ပါကြောင်းနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာချပြဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။