မေးခွန်း အကြောင်းအရာ
မင်းကင်းမြို့နယ်သည် ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှုသည်လည်း နောက်ကျပါကြောင်း၊ ၎င်းဒေသအတွက် လျှပ်စစ်မီးရရှိရေးကိစ္စကို ပြီးခဲ့သည့် အစိုးရလက်ထပ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်စိုးအား တင်ပြပြီး ၂၀၁၄-၁၅ ဘက်ဂျက်တွင် စတင်ပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ရေဘုတလင်-ခန္တီး-မင်းကင်း လမ်းအပိုင်းသွယ်တန်းပြီးမှ မင်းကင်းတွင် ဓာတ်အားခွဲရုံတစ်ခုနှင့် ပြီးလျှင် မိမိတို့ ဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်မည်ဆိုသည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၄-၇-၂၀၁၅ ခုနှစ်အထိ ကိုကြည့်မည်ဆိုလျှင် ရေဘုတလင်-ခန္တီး-မင်းကင်း ဓာတ်အားလိုင်း၏ ပြီးစီးမှုသည် ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ဓာတ်အားခွဲရုံ၏ ပြီးစီးမှုကို ၄၅ ရာခိုင်နှုန်းဖြစ်သည်ဆိုပြီး သိရှိရပါကြောင်း၊ အခုအချိန်ထိ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သော်လည်း လျှပ်စစ်မီးရရှိခြင်း မရှိသေးပါကြောင်း၊ ဒေသခံများအနေဖြင့် လျှပ်စစ်မီးရရှိရေးကို လိုလားတောင့်တလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက်ရုံမှနေပြီး တစ်နေ့ကို နှစ်နာရီ၊ နှစ်နာရီခွဲ မိမိတို့ လျှပ်စစ်မီးရရှိနေသည့် ဒေသဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်းကင်းမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်းနှင့် မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မင်းကင်းမြို့လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆ ကေဗွီ ရေဘုတလင်-ခန္တီး-မင်းကင်းဓာတ်အားလိုင်း ၆၆.၇ မိုင်နှင့် မင်းကင်းဓာတ်အားခွဲရုံ စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပစ္စည်းများဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းတွင် ဝယ်ယူထားသည့် ပစ္စည်းများရောက်ရှိထားသော်လည်း ၂၀၁၅ ခုနှစ် မိုးရာသီတွင် မိုးများပြီး လမ်းများပျက်စီးခြင်း၊ ကားများသွားလာ၍ မရသဖြင့် ပစ္စည်းများကို လုပ်ငန်းခွင်သို့ ပို့ဆောင်၍မရခြင်း၊ ဓာတ်အားလိုင်းတည်ဆောက်ရန် တောင်ကုန်း၊ တောင်တန်းများကို ဖြတ်သန်းရခြင်းနှင့် တောင်ထိပ်ပေါ်သို့ ကွန်ကရစ်တိုင်များကို ခက်ခဲစွာသယ်ယူရခြင်း၊ ၎င်း စီမံကိန်းအတွက် လျာထားရန်ပုံငွေမှာလည်း လုံလောက်စွာမရရှိခြင်း စသည်တို့ကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားလိုင်းတည်ဆောက်မည့် လမ်းကြောင်းသည် ချင်းတွင်းမြစ်ကို မြစ်ကျော်တာဝါကြီးများ သုံးစွဲပြီး ဖြတ်သန်းတည်ဆောက်ရမည်ဖြစ်ပြီး မြစ်ကျော်တာဝါတိုင်ကြီးများအား Design ရေးဆွဲပြီး အမြန်ရရှိအောင် စီမံဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့အထိ ၆၆ ကေဗွီ ရေဘုတလင်- ခန္တီး-မင်းကင်းဓာတ်အားလိုင်း တည်ဆောင်ပြီးစီးမှုမှာ ၇၂.၈၃ ရာခိုင်နှုန်းနှင့် မင်းကင်းဓာတ်အားခွဲရုံတွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီတွင်လည်း မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် တည်ဆောက်ရေး လုပ်ငန်းများကို ခက်ခဲစွာဆောင်ရွက်နေရပါသဖြင့် မင်းကင်းမြို့သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်တွင် ဓာတ်အားဖြန့်ဖြူးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
