(က)-မင်းဘူး(စကု)မြို့နယ်၊မန်းရေနံမြေဧရိယာအ တွင်းရှိမူလကတ္တရာလမ်းများပျက်စီးနေမှုအားကတ္တ ရာဖြင့်ပင်ထပ်ပိုး၍ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့(၂၅. ၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

win winမင်းဘူး၊ မန်းရေနံမြေ ဧရိယာအတွင်း ကတ္တရာလမ်း ပေပေါင်း ၃၀၀၀၀ ခန့်ရှိပြီး အဓိကကျသည့် လမ်းမကြီးများတွင် ပေ ၁၇၀၀၀ ခန့်ရှိသည်ကို သိရှိရပါကြောင်း၊ လမ်းများ၏ အစိတ်အပိုင်းများသည် ပျက်စီးလျက်ရှိပါကြောင်း၊ မန်းရေနံမြေဧရိယာအတွင်းရှိ ကတ္တရာလမ်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မန်းရေနံမြေဧရိယာအတွင်းရှိ ဌာနဆိုင်ရာယာဉ်များ အများဆုံး အသုံးပြုလျက်ရှိပြီး  ဒေသခံပြည်သူများမှလည်း  သွားလာအသုံးပြုလျက်ရှိသည်ကို သိရှိရပါ ကြောင်း၊  ပျက်စီးလျက်ရှိသော လမ်းများကို သဲမြေနီများဖြင့် ပြုပြင် ဖာထေးနေခြင်းကြောင့် မူလ ကတ္တရာလမ်းမှ သဲမြေနီ လမ်းဖြစ်သွားမည်ကိုလည်း ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်း ဒေသကြီးအတွင်း မင်းဘူး(စကု)မြို့နယ် မန်းရေနံ မြေဧရိယာအတွင်းရှိ မူလကတ္တရာလမ်းများအား ကတ္တရာဖြင့်ပင်ထပ်ပိုး၍ ပြုပြင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ပြုပြင်မပေး နိုင်သည်နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သည့်ရန်ပုံငွေဖြင့် ပြုပြင်ဆောင် ရွက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်းပြောကြားပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

pe zin tunလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေအတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ခြင်းနှင့် တွင်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းသုံး ကိုယ်ပိုင်လမ်းများကို ဖောက်လုပ်အသုံးပြုခဲ့ပါကြောင်း၊ ထုတ်လုပ်မှု တိုးတက်စဉ်ကာလအတွင်းက လုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် အရေးကြီး လမ်းပိုင်းများကို ကတ္တရာခင်းလမ်း အဖြစ် ပြုလုပ်ခဲ့ပါကြောင်း၊

ယခုမေးမြန်းထားသော မန်းရေနံမြေအတွင်းရှိ ရေနံတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြု နေသော ကတ္တရာလမ်းအရှည်သည် ၂၈၈၂၈ ပေ (၅.၄၆မိုင်)  ရှိသည့်အနက်  မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ကတ္တရာလမ်းအရှည် ၂၈၈၂၈ ပေအနက်မှ ပေ ၁၀၀၀ ခန့်  ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းကို မန်းရေနံမြေ လမ်းတံတားများ ပြုပြင်ထိန်းသိမ်းရေး သာမန် အသုံးစရိတ်မှ အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသောကတ္တရာလမ်းအရှည် ၂၇၈၂၈ ပေအား ကတ္တရာထပ် ပိုးလွှာခင်း မည်ဆိုပါက တစ်စတုရန်းပေလျှင် ၅၅၀ ကျပ်ဖြင့် ခန့်မှန်း ကုန်ကျစရိတ်သည် ကျပ်သန်း ၂၁၀ ခန့် ကုန်ကျမှာဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် မန်းရေနံမြေ၏ လမ်းတံတားများ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် သာမန်အသုံးစရိတ်ခွင့်ပြုငွေသည် ကျပ် ၁၅.၅ သန်း ခန့်သာဖြစ်ပြီး အဆိုပါအသုံးစရိတ်အား ရေနံ ထုတ်လုပ်မှုအတွက် အရေးကြီးသည့် ရေနံတွင်းများ၏ အဝင်အထွက် လမ်းများပြုပြင်ရာတွင် သုံးစွဲရန် လျာထားဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မန်းရေနံမြေအတွင်း၌ ကတ္တရာခင်းလမ်း ဟောင်းအရှည် ပေ ၁၀၀၀ အား ကတ္တရာထပ်ပိုးခင်းခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသဖြင့် ဘဏ္ဍာငွေအနေအထားအရ ထပ်မံပြုပြင်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်းနှင့် နောင်ဘဏ္ဍာရေးနှစ်တွင်လည်း သာမန်အသုံးစရိတ် ရန်ပုံငွေပေါ်မူတည်ပြီး ပျက်စီးနေသည့် ကတ္တရာလမ်းအား အပိုင်းလိုက်ပြုပြင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။