(ခ)-သနပ်ပင်မြို့နယ်ကျေးရွာများအားကျေးလက်ဒေ သဖွံ့ဖြိုးရေးချေးငွေအမြန်ဆုံးရရှိရေးဆောင်ရွက်ပေး ရန်နှင့် လျှပ်စစ်မီးလင်းရေးကုန်ကျစရိတ်ထက်ဝက် (၅၀%)ကိုနိုင်ငံတော်မှကျခံပေးနိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myint ooသနပ်ပင်မြို့နယ်၊ ဉာဏ်ကျွန်း၊ ခလပ်၊ ကသဲကုန်း၊ ကမာဖရံ၊ ရေတံခါးတာဝ၊ ကုန်းတန်းနှင့် ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးသုံးစွဲနေရသည်မှာ လအတန်ကြာရှိပြီးဖြစ်ပါကြောင်း ၊ကျေးလက်နေ ပြည်သူများအနေဖြင့်  ကျေးလက်ဘဏ်ချေးငွေ ၅၀ ရာခိုင်နှုန်းနှင့် နိုင်ငံတော်ကကျခံပေးသည့် ၅၀ ရာခိုင်နှုန်းကို မျှော်ကိုးပြီး ကိုယ့်အားကိုယ်ကိုးဆောင်ရွက် ကြခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သို့သော် ချေးငွေရရှိမှု ကြန့်ကြာနေခြင်း ကြောင့် ပြင်ပက ချေးယူ ထားသည့် ငွေကြေးများ အပေါ်တွင် ကြီးမားသောအတိုးနှုန်းများကို ပေးဆပ်နေကြရသည့်အတွက်  အိမ်ခြံမြေနှင့် လယ်ယာမြေအချို့ပါ အသိမ်းခံနိုင် ရခြင်း၊ တရားရင်ဆိုင်ရနိုင်ခြင်း စသည့်အဖြစ်များနှင့် ကြုံတွေ့ကြရပါကြောင်း၊

ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာရှိအိမ်ထောင်စု တစ်စုလျှင် ကျပ် ငါးသိန်း၊ ခြောက်သိန်း ထည့်ဝင်ကြပြီး ငွေကြေးမထည့်ဝင်နိုင်သူများအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း မရှိသေး ပါကြောင်း၊ ငွေကြေးထည့် နိုင်ခြင်း မရှိသည့် မိသားစုအရေအတွက် ပိုမိုများပြားသည့်အတွက်  အဆိုပါ အိမ်ထောင်စုများအတွက်လည်း အနည်းဆုံးတစ်အိမ်လျှင် မီးတစ်ပွင့်လင်းနိုင်ရေး ကိုအထူး စဉ်းစား ဆောင်ရွက် သင့်ပါကြောင်း၊

ထို့ကြောင့် သနပ်ပင်မြို့နယ်တွင် ကိုယ်ထူကိုယ်ထ ကျေးလက်မီးလင်းရေးဆောင်ရွက်ခဲ့သည့် ဉာဏ်ကျွန်း၊ ခလပ်၊ ကသဲကုန်း၊ ကမာဖရံ၊ ရေတံခါး တာဝ၊ ကုန်းတန်းနှင့် ကျိုက်ပဒိုင်လေးကျေးရွာ များအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံး ရရှိရေးနှင့် လျှပ်စစ်မီးလင်းရေးကုန်ကျစရိတ်၏ထက်ဝက် ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော်က ကျခံပေးနိုင် ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u pe zin tun၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းဒေသများအားလုံး လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေ ရန် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းရေးဆွဲခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း(National Grid)မှတစ်ဆင့် တိုးချဲ့ဓာတ်အားပေးခြင်းကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်း ပြင်ပစနစ်(Off-Grid) မှ ဓာတ်အားပေးခြင်း ကိုလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ကျေးရွာများလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ဖို့ ဆောင်ရွက်နေသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်များဖြင့်လည်း ဓာတ်အားဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း ပဲခူးတိုင်းဒေသကြီးအတွင်း  ခွင့်ပြုရန်ပုံငွေကျပ် ၄၁၇၄.၂၁ သန်းဖြင့် လျှပ်စစ် မီးသွယ် တန်းခြင်းကို ကျေးရွာ ၈၀ ရွာ၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲရန် ကျေးရွာ ၂၂၂ ရွာ စုစုပေါင်း ကျေးရွာ ၃၀၂ ရွာတို့အတွက် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သနပ်ပင်မြို့နယ်အတွင်း ဆိုလာ စနစ်ဖြင့် ကျားချောင်း၊ ကုလားချောင်းကြီး၊ ကျွဲဖြူချောင်း ကျေးရွာသုံးရွာ အိမ်ခြေ ၄၆၄ အိမ်၊ ကျေးရွာ ငါးရွာ ဖရဲ၊ ကမာဘာ၊ ကမာစဲ၊ တာဝရေတံခါး၊ ကလိုင်ကျေးရွာ စုစုပေါင်း ရှစ်ရွာအား လျှပ်စစ်မီးသွယ်တန်းခြင်းတို့အတွက် ၃၃၂.၅၆၈ သန်းတို့ကို ဘဏ္ဍာငွေ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

ဉာဏ်ကျွန်း၊ ခလပ်၊ ကသဲကုန်း၊ ကမာဖရံ၊ ရေတံခါးတာဝ၊ ကုန်းတန်းနှင့် ကျိုက်ပဒိုင်လေးကျေးရွာများ အား ကျေးလက်ဒေသဖွံ့ဖြိုးရေးချေးငွေ အမြန်ဆုံးရရှိရေးနှင့် ပတ်သက်ပြီး ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ကွပ်ကဲမှုအောက်မှာ မရှိတော့ပါကြောင်း၊ ထို့ကြောင့် ချေးငွေရရှိရေး ဆောင်ရွက် ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကျခံပေးနိုင်ခြင်းမရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဓာတ်အားမရရှိသေးသည့် ကျေးရွာများကို စီမံကိန်းအဆင့်လိုက် ဓာတ်အား ရရှိရေးဆောင်ရွက်နေရပါ၍ ကိုယ်အားကိုယ်ကိုး အစီ အစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်နေသည့် ကျေးရွာများအတွက် နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးမြင့်ဦး(သနပ်ပင်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိတို့အနေဖြင့် ကျေးလက်မီးလင်းရေးစီမံချက်နှင့် ပတ်သက်၍ နှစ်မိုင်အတွင်းရှိ ကျေးရွာများကို နိုင်ငံတော်အစိုးရက လုံးဝတာဝန်ယူပြီး မီးလင်းအောင်ဆောင်ရွက်ပေးမည် ဟုတ်/မဟုတ် ကိုလည်းကောင်း၊ နှစ်မိုင် ထက်ကျော် လွန်သည့် ကျေးရွာများကို မီးလင်းရန် မည်သို့ဆောင်ရွက်ပေးမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း၊ ထို့ပြင် ယခင် ကျေးရွာများကို နိုင်ငံတော်က  ၅၀ ရာခိုင်နှုန်းထိ ကျခံပေးခဲ့ခြင်းများရှိသည့်အတွက် အဆိုပါဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်က ၅၀ ရာခိုင်နှုန်း ပေးသွင်းမည်ကို မျှော်မှန်းပြီး ပြင်ပချေးငွေများ ရယူသုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထမီးလင်းရေးနှင့် ပတ်သက်၍ ကျေးရွာနှစ်မိုင် အတွင်းနှင့်  နှစ်မိုင်ထက်ကျော် လွန်သည့်ကျေးရွာများ မီးလင်းရေးကို ရှင်းလင်းစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။   

မိမိတို့အနေဖြင့် မဟာဓာတ်အားလိုင်းနှင့် နှစ်မိုင်အကွာရှိကျေးရွာများ မီးလင်းရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ထောက်ပံ့ရန် 33/11 KV လိုင်း ထရန်စဖော်မာ တည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာများကိုယ့်အားကိုယ်ကိုးနှင့် မီးလင်းရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများ၏ ဘတ်ဂျက်နှင့် ကျေးလက်ဦးစီးဌာန၏ ဘတ်ဂျက်ရရှိမှု၊ အထောက်အပံ့ များနှင့် ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ မိမိတို့မှ နှစ်မိုင် အထိ မိန်းလိုင်းမှ မဟာဓာတ်အားလိုင်းနှင့် သွယ်တန်းပေးခြင်း၊ ထရန်စဖော်မာတစ်ခု တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျေးရွာ မီးလင်းရေးအတွက် ၄၀၀ ဓာတ်အားလိုင်းဖြင့် သွယ်တန်းရန် သက်ဆိုင်ရာကျေးလက် ကိုယ့်အားကိုယ်ကိုးမီးလင်း ရေးကော်မတီများဖြင့် ဆောင်ရွက်ခဲ့သည်ကို  တွေ့ရှိရပါကြောင်း၊

မိမိတို့အနေဖြင့် မဟာဓာတ်အားလိုင်းမှ နှစ်မိုင် အထိ လျှစ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းကို နှစ်နှစ်အတွင်း အပြီး ဆောင်ရွက်မည်သွားမည်ဖြစ်ပြီး ထို့နောက် ငါးမိုင်အထိ လည်းကောင်း၊  ၁၀ မိုင်အထိ လည်းကောင်း အဆင့်လိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထရန်စဖော်မာအကြီးများ ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းကို ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်း ဆောင်ရွက်ထားသည့် အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုယ့်အား ကိုယ်ကိုး မီးလင်းရေးကိစ္စနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာကျေးရွာများ၏ လိုအပ် သည့် နည်းပညာပိုင်းဆိုင်ရာကို ဆက်လက်ကူညီပေး ထောက်ပံ့ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။