(က)-လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုအ တွင်းရှိလယ်မြေဧက(၃၀၀၀)ကျော်အားဆင်စာကြိုး ဝိုင်းနယ်မြေအတွင်းမှ ပယ်ဖျက်ပေးရန်အစီအ စဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myo zawလယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု အတွင်းရှိ လယ်မြေဧက ၃၀၀၀ ကျော်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကပင် ဘိုးဘွားမိဘများလက်ထက်မှ သားစဉ်မြေးဆက်အထိ ဓားမဦးချ ခုတ်ထွင် ရှင်းလင်း လုပ်ကိုင်စားသောက်လာသော လယ်မြေများ ဖြစ်ပါကြောင်းနှင့်  ထိုလယ်မြေများမှ စိုက်ပျိုး ထွက်ရှိခဲ့သည့် သီးနှံများကိုလည်း အခွန်ပေးသွင်းခဲ့ပါကြောင်းကို ဒေသခံလယ်သမားများက ဧရိယာ စာရင်းများနှင့်တကွ လက်မှတ်ရေးထိုးတင်ပြလာခဲ့ပါကြောင်း၊

အဆိုပါ လယ်မြေများ၏ စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း ၁၉၉၀ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထုတ်ချေးပေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှစ၍ ယနေ့တိုင် လယ်ယာမြေပုံစံ(၇) မထုတ်ပေးသည့်အတွက် ချေးငွေများ မရရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးတစ်ခုတည်းကိုသာ မှီခိုအားထားနေရသည့် လယ်သမားများ အနေဖြင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများသည် မြေပုံများပေါ်တွင် သစ်တော မြေများ ဖြစ်နေခြင်းကြောင့် များစွာနစ်နာဆုံးရှုံးနေရသည်ကို တင်ပြလာပါကြောင်း၊ လယ်ဝေးမြို့နယ်တွင် သစ်တောကြိုးဝိုင်း ၁၁ ဝိုင်းရှိပြီး ထိုကြိုးဝိုင်းဧရိယာအတွင်း၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက  စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေဧကပေါင်းများစွာ ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သစ်တောမြေ၏ ယခုမြေပြင်အနေအထားနှင့် မြေပုံသည် ကွာဟလျက်ရှိနေတာကြောင့် ဒေသခံ လယ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ပေးနိုင်ရေးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊

လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခ၊ ပေါင်းလောင်း၊ အင်တိုင်းသာ၊ ရွှေပြည်သာ၊ ကြို့ပင်သာကျေးရွာနယ်မြေများအတွင်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်မှ ယနေ့တိုင် သားစဉ်မြေးဆက် ဓားမဦးချ ခုတ်ထွင်ရှင်းလင်းလုပ်ကိုင်စားသောက်လာသော လယ်မြေဧက ၃၀၀၀ ကျော်အား ဆင်စာကြိုးဝိုင်းနယ်မြေအတွင်းက ပယ်ဖျက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် မည်သို့သော အကျိုးခံစားခွင့်တို့ကို မည်သို့လျှောက်ထား လျှင် ရရှိနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u own winသစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ၊ သစ်တောနယ်မြေများအတွင်းတွင် နှစ်ကာလ အတိုင်းအတာတစ်ခုအထိ ကျူးကျော်အခြေချနေထိုင်သော ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန်အတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ၂၀-၂-၂၀၁၃ ရက်နေ့ က စတင်ပြီး ၂၅-၃-၂၀၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် တောမြေအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချခဲ့သော ရွာစု၊ အိမ်စုများနှင့် လယ်၊ ယာ၊ ဥယျာဉ်ခြံမြေ၊ ရွာမြေ၊ သာသနာ/အများပိုင်မြေများကို သစ်တောမြေအဖြစ်က လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပယ်ဖျက်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်း များတွင် အလုပ်လုပ်ကိုင်နေကြသော လုပ်သားများသည် သစ်တောကြိုးဝိုင်း အတွင်း ယာယီအစီအစဉ်ဖြင့် နေထိုင်ခဲ့ရာ လုပ်ငန်းများပြီးစီးသော်လည်းပဲ  ဆက်လက်အခြေချနေထိုင်လာခြင်း၊ မြေတန်ဖိုးမြင့်တက် လာခြင်း၊  ကြိုးဝိုင်းသစ်တောများအတွင်း နေအိမ်များ တိုးချဲ့တည်ဆောက်လာခြင်းစသည့် ပြဿနာများ  အပေါ် အခြေခံ၍ နေပြည်တော်ကောင်စီက လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၃) ဆုံးဖြတ်ချက်အပိုဒ် ၂၅ အရ စာရင်းကောက်ယူမှုကို ရပ်ဆိုင်းသွားရန်၊ ကျူးကျော်နေထိုင်မှု ၁၀ နှစ် အထက်သက်တမ်းရှိသူများကိုသာ ထည့်သွင်းစဉ်းစားရန်၊ ထပ်မံကျူးကျော်သူများအား ဖျက်သိမ်းခြင်း မရှိပါက ဥပဒေနှင့်အညီ တရားစွဲဆို သွားမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အတွက် နေပြည်တော် ကောင်စီ၊ မြို့နယ် ရှစ်မြို့နယ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်း ကျူးကျော်ရွာစုနှင့် အိမ်ထောင်စု များအား စာရင်းကောက်ယူခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ယခု အစိုးရလက်ထက်တွင်လည်း နေပြည်တော်ကောင်စီအတွင်းရှိ သစ်တောနယ်မြေအတွင်း နှစ်ကာလ ကြာရှည်စွာ ကျူးကျော် အခြေချ နေထိုင်သူများအတွက် ပထမအဆင့်အနေဖြင့် ပြည်ထဲရေးအမည်ပေါက် အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်မြေများကို ပယ်ဖျက်ပေးနိုင်ရန် အဖွဲ့စုံဖြင့် ကောာက်ယူခဲ့ သော စာရင်းများတင်ပြရန် နေပြည်တော်ကောင်စီ၏ ၂၁-၄-၂၀၁၆ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထဲရေးအမည်ပေါက် ၅၁ ရွာအတွက် ပထမအဆင့် ပယ်ဖျက်ခွင့် ရရှိရေးနှင့် စာရင်းကောက်ရန် ကျန်ရှိသော အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာများအတွက် ပူးပေါင်း အဖွဲ့ဖြင့် စာရင်းကောက်ယူရန်အတွက် စီစဉ်လျက်ရှိပါကြောင်း၊

မေးခွန်းပါ ကျေးရွာ ငါးရွာအနက် အောင်သုခကျေးရွာ တစ်ခုတည်းသာ ပြည်ထဲရေးအမည်ပေါက် ၅၁ ရွာ စာရင်းတွင် ပါဝင်သည်ကိုလည်းကောင်း၊  ပေါင်းလောင်း၊ အင်တိုင်းသာ၊ ရွှေပြည်သာကျေးရွာ သုံးရွာသည် စာရင်းကောက်ယူရန် ကျန်ရှိသည့် အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက် စာရင်းထဲတွင် ပါဝင်သည်ကိုလည်းကောင်း၊  ကြို့ပင်သာကျေးရွာသည် သစ်တောနယ်မြေအတွင်း ပါဝင်ခြင်းမရှိကြောင်း သည်ကိုလည်းကောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နေပြည်တော် ကောင်စီနယ်မြေရှိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချ နေထိုင်သည့် ပြည်ထဲရေး အမည်ပေါက် ကျေးရွာ ၅၁ ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်မြေ၊ အများပိုင်မြေများကို  သစ်တော နယ်မြေအတွင်းက လုပ်ထုံးလုပ်နည်းနှင့် အညီ ပယ်ဖျက်ပေးရန်၊ ပေါင်းလောင်း၊ အင်တိုင်းသာ၊ ရွှေပြည်သာ အပါအဝင် ကျန်ရှိကျေးရွာများအတွက် စာရင်းကောက် ယူပြီးပါက လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်စိစစ်ပယ်ဖျက်ပေးရန်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သစ်တော နယ်မြေအတွင်း ပါဝင်ခြင်းမရှိသော ကြို့ပင်သာရွာအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှသာ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊

သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပြီးပါက ရွာမြေများဖွဲ့စည်းခြင်း၊ လယ်မြေများ လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ဆက်လက်စီစဉ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။