(င)-အင်းစိန်မြို့နယ်တွင်တည်ရှိသောသမိုင်းအစဉ် အလာကြီးမားသည့်(GTI)ကျေင်းကိုယခင်အစဉ်အ လာ ကောင်းနှင့်အညီ (GTI) ကျောင်း ပေါ်ပေါက် လာနိုင်ရေးအတွက်အကောင်အထည်ဖော်ရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၀.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u mg mg ooရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ (GTI)  ကျောင်းတော်ကြီးသည် ၁၉၀၈ ခုနှစ် မြေဧက ၃၀ ခန့်နှင့် ယခုအချိန်တွင် ၄၁.၉၉၇ဧက အကျယ်ရှိပါကြောင်း၊ ကျောင်းတော်ကြီးသည် ကိုလိုနီခေတ် ဦးမှသည် ယနေ့အချိန်အထိ နှစ်ပေါင်း ၁၂၀ ကျော်ကြာ၍ စက်မှုလက်မှုဆိုင်ရာ အခြေခံပညာ အဆောက်ရေး တစ်ခုလည်း ဖြစ်ခဲ့သည့်အပြင် ကျောင်းတော်ကြီးမှ ကျောင်းဆင်းခဲသည့် ကျောင်းသား/သူများသည်လည်း တိုင်းပြည်၏ အရေးပါသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍာအသီးသီးမှ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သူများလည်းဖြစ်ပါကြောင်း၊

အင်းစိန် (GTI) ကျောင်းတော်ကြီးကို ၂၀၀၇ ခုနှစ်တွင်  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ယခုဆိုလျှင် (GTI) ကျောင်းတော်ကြီး၏ ပရဝုဏ်တစ်ခုလုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာန၊ ဝန်ထမ်းမိသားစု အိမ်ရာ၊ စီးပွားရေး ဦးပိုင်မှတစ်ဆင်‌့ပြန်လည်ငှားရမ်းထားသော ဟွန်နိုင်းကုမ္ပဏီမှ ကား Show Room တစ်ခု၊ ပုဂ္ဂလိက ဆေးရုံတစ်ခု၊ ပုဂ္ဂလိကကျောင်းတစ်ခု ပြင်ပ ကျောင်းဆောင်ကြီးတွင်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲတပ်ဖွဲ့တစ်ခုက ဝင်ရောက်စခန်းချ လျက်ရှိသည့်အပြင် အခြားအဖွဲ့အစည်းများစွာလည်း ရှိပါကြောင်း၊ သို့သော် အင်းစိန် (GTI) ကျောင်းတော်ကြီးသည် ကျောင်းသားကျောင်းသူများအတွက် အဆောင်များရှိနေခြင်း၊ စာသင်ခန်းများ အလုံအလောက်ရှိနေခြင်း၊ သင်ထောက်ကူပစ္စည်း များရှိနေခြင်းတို့ကြောင့် အင်္ဂါဂုဏ်ပြည့်ဝသော ပညာရေးအဆောက်အအုံအဖြစ် ပြန်လည်ထိန်းသိမ်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ ရှိပါက မည်သို့မည်ပုံဆောင်ရွက် မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ် သည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein kyiရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန် (GTI) သည် ၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော သမိုင်းဝင်ကျောင်းဖြစ်ပြီး အလယ်အလတ်ကျွမ်းကျင် AGTI ဒီပလိုမာ လက်မှတ်ရ အရည်အချင်း ပြည့်ဝသည့် အင်ဂျင်နီယာများကို အဓိကထားလေ့ကျင့်ပြုစုပျိုးထောင် ပေးခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ ၂၀၀၇ ခုနှစ်တွင် အင်းစိန်(GTI) အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊

ယခုအစိုးရသစ်လက်ထပ်တွင်  အင်းစိန် (GTI) အား မူလအတိုင်း နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၁၇-၅-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးသို့ အင်းစိန် (GTI) မြေဧက ၄၁.၉၉၇ ဧကနှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှ ပညာရေးဝန်ကြီးဌာနသို့ အဆင့်လိုက် ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ပါရန် တင်ပြစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေ ကြားပါသည်။