မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် ယနေ့တောင်သူလယ်သမားများကို ချေးပေးနေသည့်(အမတော်ကြေး) စိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်သည့် မေးခွန်း (၄)ခုကို မေးမြန်းလိုပါကြောင်း၊ (၁) ယနေ့ အများစု တောင်သူများသည် စိုက်ပျိုးစရိတ်ကို စိုက်ချိန်အမီ မရရှိသည့်အတွက် စိုက်ချိန်မီ ရရှိနိုင်ရေးနိုင်ရေးကို ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့် အခက်အခဲများ ရှိသည်ဆိုသည်ကို လည်းကောင်း၊ (၂) ခိုင်လုံသော အကြောင်းအချက်များကြောင့် စိုက်ပျိုးစရိတ် ချေးငွေကို အချိန်မီ ပေးဆပ်နိုင်ခြင်း မရှိသော တောင်သူများအတွက် စိုက်ပျိုးစရိတ် ဆက်လက်ချေးယူနိုင်ရန် စီမံဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိကိုလည်းကောင်း၊ (၃) ယခုအချိန်တွင် စပါးစိုက်ပျိုး စရိတ် ချေးငွေကို ၁၀ ဧကအထိ ချေးပေးလျက်ရှိရာ စပါးစိုက်ဧက ၁၀ ဧက ကျော်သော တောင်သူများအတွက် ပုံစံ(၇)ကို ပြပြီး တခြားဘဏ်များမှ စိုက်စရိတ်ချေး ယူနိုင်ရန်စီမံ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကိုလည်းကောင်း၊ (၄) ယခု အချိန်တွင် လယ်ယာလုပ်သား ရှားပါးသည့် ပြဿနာကို တောင်သူများ ရင်ဆိုင်နေရခြင်းကြောင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် နှစ်ရှည် ချေးငွေ များကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေး ပေးရန် အစီအစဉ်ရှိ/မရှိ ဆိုသည်ကိုလည်းကောင်း သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။
မေးခွန်း(၁)နှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးရန် အတွက် မြို့နယ်ဘဏ်ခွဲများအနေဖြင့် နှစ်စဉ် ဒီဇင်ဘာလမှစတင်၍ တောင်သူလယ်သမားများနှင့် ညှိနှိုင်းရရှိမှုအပေါ် စာရင်းပြုပြီး တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်သို့ အဆင့်ဆင့်တင်ပြပါကြောင်း၊ ယင်းတင်ပြချက်အရ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်မည့် စုစုပေါင်း ခန့်မှန်းခြေ ချေးငွေပမာဏကို တွက်ချက် ပြုစုရပြီး တွက်ချက်ရရှိသည့် ဘဏ္ဍာငွေလိုအပ်ချက်ကို ပြည်ထောင်စုဝန်ကြီးရုံးမှ တစ်ဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ မြန်မာ့စီးပွားရေး ဘဏ်မှ အတိုးငွေနှင့် ချေးယူဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ခန့်မှန်းခြေစာရင်းအရ ချေးငွေရယူမည့် စုစုပေါင်း စိုက်ဧက ၁၆.၇၅ သန်းခန့် ဖြစ်ပါကြောင်း နှင့် အဆိုပါ စာရင်းများရရှိရေးအတွက် တစ်နိုင်ငံလုံးရှိ ဘဏ်ဝန်ထမ်း ၂၄၄၁ ဦးနှင့် စဉ်ဆက် မပြတ်လုံ့လ စိုက်၍ နှစ်လတာကာလအတွင်း ပြီးပြတ်မှန်ကန်အောင် ကြိုးစားဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း၊
နှစ်စဉ်နှစ်တိုင်း ချေးငွေရန်ပုံငွေကိစ္စအတွက် အချိန်မီ တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက် ရရှိသည်နှင့် ချေးငွေရန်ပုံငွေ ခွင့်ပြုခြင်း၊ ချေးငွေညွှန်ကြားစာ ထုတ်ပြန်ခြင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ် ဘဏ်ခွဲ များသို့ ငွေထုတ်ကန့်သတ်ချက်ပေးပို့ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ခဲ့ပါကြောင်း၊ ယခု ဘဏ္ဍာနှစ် ၁၄-၃-၂၀၁၆ ရက်နေ့တွင် ချေးငွေရန်ပုံငွေရရှိရေးကို ဦးစွာစတင် တင်ပြခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မေလတွင် ခွင့်ပြုချက်ရရှိသည့်အတွက် မေလ ဒုတိယပတ်တွင် ချေးငွေစတင်ထုတ်ချေးခဲ့ရာ ယခင်နှစ်များထက် တစ်လခန့်ကြိုတင် စတင်ထုတ်ချေးနိုင်ခြင်းဖြစ်ပါကြောင်းနှင့် နောက် အကြိမ်များတွင် စိုက်ပျိုးစရိတ် ထုတ်ချေးရန် အချိန်ကို ပြန်လည်ဆန်းစစ်ပြီး ပိုမိုအဆင်ပြေသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ အချိန်ကာလစောစီးစွာ စိုက်ပျိုးစရိတ်ထုတ်ချေးပါက ချေးငွေများ ပျောက်ပျက် သွားနိုင်သည့် အတွက် ယနေ့အခြေအနေများကို ပြန်လည်သုံးသပ်ပြီး လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော အစီအမံ များကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
မေးခွန်း(၂)နှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ကာကွယ် တားဆီးနိုင်ခြင်းမရှိသောကြောင့်သော်လည်းကောင်း၊ သီးနှံပျက်စီးသဖြင့် ချေးငွေပြန်မဆပ် နိုင်ပါက မြို့နယ်ဘဏ်ခွဲမန်နေဂျာသို့ ပေးဆပ်ရက် ရွှေ့ဆိုင်းပေး ပါရန် လျှောက်လွှာကို ဦးစွာပထမ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ထို့နောက် မြို့နယ်ဘဏ်ခွဲမန်နေဂျာက စုံစမ်းစစ်ဆေးပြီး မြို့နယ် အကြံပေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အကြံပေးအဖွဲ့စသည်တို့၏ အဆင့်ဆင့်သော သဘောထား မှတ်ချက်များနှင့်တကွ ဘဏ်ရုံးချုပ်သို့ ဆက်လက်တင်ပြပြီး ဘဏ်ဒါရိုက်တာအဖွဲ့၏ ထိုက်သင့်သလို စိစစ်ပြီးနောက် ပေးဆပ်ရက်ကို ရွှေ့ဆိုင်းနိုင်ပါကြောင်း၊ သို့ပါသော်လည်း သီးနှံပျက်စီးမှုကို အချိန်နှင့် တစ်ပြေးညီ တင်ပြခြင်း မရှိဘဲ ငွေဆပ်ချိန်ရောက်မှ တင်ပြလာပါက အထက်အပိုဒ်(၃)ပါ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ရန် အခက်အခဲရှိမည် ဖြစ်ပါကြောင်း၊
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများ၏ တောင်းခံချက်အရ ချေးငွေရန်ပုံငွေ လိုအပ်ချက်မှာ ကျပ် ၁၃၅၂ ဘီလီယံကျော်ဖြစ်သော်လည်း ခွင့်ပြုချက်ရရှိသည့် ရန်ပုံငွေမှာ ကျပ် ၁၂၀၀ ဘီလီယံဖြစ်ရာ တစ်နှစ်ပတ်လုံးအတွက် ချေးငွေအရပ်ရပ်ကို လုံလောက်အောင် စီမံဆောင်ရွက်ရပါကြောင်း၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိက ချေးငွေ ရန်ပုံငွေရရှိမှုသည် နှစ်ချင်းပြန်ဆပ်ရမည့် မြန်မာ့စီးပွားရေးဘဏ်၏ ချေးငွေသာဖြစ်သောကြောင့် မြန်မာ့စီးပွားရေးဘဏ်သို့ အချိန်မီ ပြန်ဆပ်နိုင်ရန်အပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး မဆုံးရှုံးစေရန်လည်း ဆောင်ရွက်ရပါကြောင်း၊ ထို့ ကြောင့် ကြွေးပြေကျေသော တောင်သူလယ်သမားများကိုသာ ချေးငွေသစ် ထုတ်ချေးရေး ဦးစားပေး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊
မေးခွန်း(၃)နှင့်ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေမူစနစ်အရ လုပ်ကွက်ငယ် လုပ်ကိုင်သော တောင်သူလယ်သမားများအား ဦးစားပေး၍ ချေးငွေထုတ်ချေးပါသော်လည်း ရန်ပုံငွေ ကန့်သတ်ချက် ရှိပါသဖြင့် လုံလောက်အောင် ထုတ်ချေးနိုင်ခြင်း မရှိပါကြောင်း၊ အခြားဘဏ်များမှ စိုက်ပျိုးစရိတ်ထုတ်ချေးရန်နှင့်ပတ်သက်၍ ၎င်းတို့ဘဏ်၏ မူစနစ်၊ ၎င်းတို့၏ ဘဏ်ဒါရိုက်တာအဖွဲ့ ဆုံးဖြတ်ချက်များအရသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စီမံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊
မေးခွန်း(၄)နှင့်ပတ်သက်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၅-၁၆ ခုနှစ်မှ စတင်ပြီး နှစ်ချင်းဆပ် ချေးငွေရန်ပုံငွေ ခွင့်ပြုချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဘဏ် ချေးငွေများ ကိုသာ ထုတ်ချေးပြီး နှစ်တို၊ နှစ်ရှည် ချေးငွေများကို ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ စက်မှုလယ်ယာ ဦးစီးဌာနမှ တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေး လျက်ရှိပြီး ထွန်စက်ကြီး၊ လေးဘီးထွန်စက်ငယ်၊ ရိတ်သိမ်းခြွေလှေ့စက်၊ စပါးခြွေလှေ့စက်၊ လယ်ယာမြေညှိစက်၊ လက်တွန်းထွန်စက်၊ ဒေါင်းဖန်း၊ လက်ကိုင်ရှည်များကို နှစ်နှစ်လျှင် သုံးရစ်ခွဲ၍ ပြန်လည်ပေးဆပ်သည့် စနစ်ဖြင့်လည်းကောင်း၊ လယ်ယာ(၁၆/၂၀/၂၂)လက်တွန်း ထွန်စက်များကို လေးနှစ် ငါးရစ်ခွဲဆပ်သည့် စနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊
ထို့အတူ သမဝါယမဦးစီးဌာနအနေဖြင့်လည်း အမေရိကန် ဒေါ်လာ သန်း ၁၀၀ တန်ဘိုးရှိ ကိုရီးယား နိုင်ငံထုတ်၊ ဒေဒုံကုမ္ပဏီထုတ် လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျငွေချေးစနစ်ဖြင့် ရရှိခဲ့ပြီး အသင်းသားတောင်သူများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် ပြည်တွင်းဈေးကွက်အတွင်းရှိ ကုမ္ပဏီအသီးသီးက ရောင်းချသော လယ်ယာသုံးစက်ကိရိယာများကို အသင်းသားတောင်သူများ ဝယ်ယူ လိုပါက အရစ်ကျငွေချေ(Hire Purchase)စနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ ယင်းသို့ ရောင်းချ ရာတွင် ကိုရီးယားနိုင်ငံ၊ ဒေဒုံကုမ္ပဏီထုတ် လက်တွန်းထွန်စက်များကို ငါးနှစ်၊ ရိတ်သိမ်းခြွေ လှေ့စက်၊ ထွန်စက်ကြီးများကို ခြောက်နှစ်တာကာလဖြင့် ရောင်းချပေးပြီး ခြောက်လတစ်ကြိမ် အရင်းနှင့် အတိုး ပြန်လည်ပေးဆပ်သည့် စနစ်ဖြစ်ပါကြောင်း၊ ပြည်တွင်း ကုမ္ပဏီများ၏ လယ်ယာသုံးစက် ကိရိယာ များအတွက် ပေးဆပ်ချိန်ကာလမှာ အများဆုံး သုံးနှစ်ဖြစ်ပြီး အရစ်ကျပေးဆပ်ရမည့် အကြိမ်အရေ အတွက်မှာ သက်ဆိုင်ရာကုမ္ပဏီများ၏ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရပါကြောင်း၊ ၃၀-၄-၂၀၁၆ ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဒေဒုံလယ်ယာသုံးစက်ကိရိယာများ ၂၈၄၂ စီး၊ အခြားပြည်တွင်းကုမ္ပဏီများမှ လယ်ယာသုံးပစ္စည်း ၁၈၁၆၅ စီး၊ လုပ်ငန်းသုံးပစ္စည်း ၂၃၈၈၄ စီး၊ ရေလုပ်ငန်းသုံးပစ္စည်း ၂၈၇၄၂၄ စီး စုစုပေါင်း ၃၃၂၃၂၅ စီး၊ စုစုပေါင်းတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၃၉၆၉၄ သန်းအား အရစ်ကျငွေ ချေစနစ်ဖြင့် ရောင်းချပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
