မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံရှိ မြစ်ကြီးများသည် အင်မတန်မှအရေးပါလှပြီး အဆိုပါမြစ်ကြီးများကို လေ့လာဆန်းစစ်ရာတွင် မြစ်တက်နုချိန်၌ ရေစီးသန်ခြင်း၊ ပတ်ဝန်းကျင်အောက်ခြေတိုက်စားမှုများလျက် နုန်း၊ သဲမြေများ သယ်ယူ ပို့ချမှု အားကောင်းခြင်းကြောင့် မြစ်ကြောင်းများ မျက်နှာပြင်ကျယ်လာလျက် ရေနက်များတိမ်လာခြင်း၊ ရေများ ချိန်တွင် ရေလွှမ်းလွင်ပြင်ပေါ်မှ ဖြတ်သန်းစီးဆင်းရာ၌ အထိန်းအတား မရှိ၍ အရှိန်အဟုန်များပြီး လျှပ်တပြတ် ရေကြီးမှုအန္တရာယ်နှင့် မြစ်ကမ်းပါးတိုက်စားပြိုပျက်မှု အန္တရာယ်များနှင့် တွေ့ကြုံနေရခြင်း၊ မြစ်များအိုမင်းလာချိန်တွင် ရေစီးကြောင်းများ ပြောင်းလဲလားခြင်း၊ ပို့ချမှုလွန်ကဲခြင်း၊ မိုးရာသီ တွင် ရေဆင်းချိုင့်ဝှမ်း များမှာ မြေတူးဖော်ခြင်းနှင့် သစ်တောပြုန်းတီး၍ အပေါ်ယံမြေလွှာများကို ရေတိုက်စားမှု၊ လေတိုက်စားမှုများပြားလာပြီး မိုးရေနှင့် သဲနုန်းများ မြစ်တွင်းကို အဟန့်အတားမဲ့ စီးဝင်ခြင်းကြောင့် သဲသောင် များပေါ်ထွန်းလာခြင်း၊ မြစ်များအတွင်း သဲနုန်းများ တိုက်စားမှု များပြားခြင်းကြောင့် ရေလမ်း ကြောင်းများအတွင်း သဲသောင်များ ဖြစ်ထွန်းကျန်ရစ်ခြင်း၊ သောင်များနေရာရွေ့ပြောင်းခြင်း၊ ကြီးထွား လာခြင်း၊ ရေကြောင်းသွားလာရေး ခက်ခဲခြင်း၊ မြစ်များကိုအမှီပြုသုံးစွဲသူများမှ အကြောင်းအမျိုးမျိုး၊ လွှဲချက်အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးတို့ဖြင့် မြစ်ကို သုံးစွဲနေကြသော်လည်း မြစ်များ မတိမ်ကောစေအောင် စနစ်တကျမသုံးစွဲကြခြင်း၊ မသုံးစွဲတတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ကြရန် မကြိုးစားကြခြင်း၊ နည်း ပညာနှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု အစဉ်အလာအားနည်း လွန်းခြင်း၊ မြစ်ကြောင်းရေ လမ်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို စနစ်တကျ လုံလောက်စွာ မဆောင်ရွက်နိုင်ခြင်းနှင့် မြစ်ကြောင်း ထိန်းသိမ်း ရေးအခွင့်အာဏာ(River Authority)၊ မြစ်ကြောင်း ထိန်းသိမ်းရေး ဥပဒေ( River Law)ပြဋ္ဌာန်းချက်များ အားနည်းသည့်အတွက် ကာကွယ် စောင့်ရှောက်သည့် လုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်းစသည့် အခြေအနေအရပ်ရပ်တို့ကြောင့် ယိုယွင်းပျက်စီးနေခြင်း၊ ကျွန်းနှင့် သောင်များ ဖြစ်ထွန်းလာခြင်းများ ကြုံတွေ့နေကြရ ပါကြောင်း၊ ထိုသို့ မြစ်ကြောင်း ပြောင်းတိုက်စားခြင်းကြောင့် မြစ်ကမ်းများပြိုကျ၍ ဆုံးရှုံးပျက်စီးမှုများနှင့် ရေကြောင်းပိတ်ဆို့မှုများအား ကြိုတင်ကာကွယ်ရန် မည်ကဲ့သို့ ဆောင်ရွက် ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် ရေလမ်းထိန်းသိမ်းမှုကို နှစ်ပေါင်းမြောက်မြားစွာ အားနည်းခဲ့ခြင်း ကြောင့် ကမ်းပါးပြိုကျမှုများ မြောက်မြားစွာဖြစ်ပေါ်နေပါကြောင်း၊ ဗန်းမော်က ရန်ကုန်အထိ ဧရာဝတီ မြစ်ရေလမ်းခရီးသည် ၁၃၉၄ ကီလိုမီတာ၊ ခန္တီးမှ ချင်းတွင်းမြစ်ဝအထိ ချင်းတွင်းနှင့် ဧရာဝတီဆုံသည့် အဝအထိ အလျား ၈၀၇ ကီလိုမီတာရှိပါကြောင်း၊ ချင်းတွင်းနှင့်ဧရာဝတီ၏ ရေလမ်းသယ်ယူ ပို့ဆောင်မှု သည် ကုန်စည်ပမာဏ၏ ၂၂ ရာခိုင်နှုန်းကို သယ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊
ကုန်တင်/ကုန်ချလုပ်ငန်းများအတွက်အရေးပါသည့် ဆိပ်ကမ်းပေါင်းစုံ ၁၄ ခု၊ ချင်းတွင်းမြစ်တွင် ဆိပ်ကမ်း ၂ ခု၊ မြစ်ကြောင်းတစ်လျှောက်တွင် ဆိပ်ကမ်းကြီး/ငယ် ၄၀၀ရှိပါကြောင်း၊ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့သည် ရေလွှာပေါင်များဖြစ်ခြင်း၊ ရေနည်းချိန်တွင်ရေအနက် မလုံလောက်ခြင်း၊ ရေနည်းရာသီတွင် ရေနက်ကြောင်းများ တည်ငြိမ်မှု မရှိဘဲမကြာခဏပြောင်းလဲ တက်ခြင်းကြောင့် ရေကြောင်းကြပ်တည်းမှုများ ဖြစ်ပေါ်နေ သည့် ရေကြောင်းများကို ဧရာဝတီမြစ်တစ်လျှောက်တွင် ရေကြောင်း ၃၄ နေရာ၊ ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ၂၀ နေရာ တွေ့ရှိရပါကြောင်း၊ ရေကြီး၊ ရေလျှံမှုနှင့် ရေလမ်းကြောင်း ပြောင်းလဲ မှုများကြောင့် မြစ်ကမ်းပါးအိကျမှုများ ဖြစ်ပေါ်လျှက်ရှိပြီး မြို့၊ ရွာများအတွက် ကမ်းပြိုကာကွယ်ရေးသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါကြောင်း၊ ရေကြောင်းသွားလာရေးအတွက် အကန့်အသတ်ဖြစ်နေသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်တို့ကို သွားရန်အတွက် ပင်မစီမံကိန်း ရေးဆွဲလျက်ရှိပါကြောင်းနှင့် အဆိုပါစီမံကိန်းတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် ရေလမ်း ထိန်းသိမ်းသည့် လုပ်ငန်း၊ ရေကြောင်းလမ်းညွှန်သည့်လုပ်ငန်းနှင့် သောင်တူးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေပါကြောင်း၊
နှစ်စဉ် ကမ်းပြိုမှုအခြေအနေများသည် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ကချင်ပြည်နယ် ၄ နေရာ၊ မန္တလေး တိုင်းဒေသကြီး ၂၀ နေရာ၊ မကွေးတိုင်းဒေသကြီး ၁၆ နေရာ၊ ပဲခူးတိုင်းဒေသကြီး၁၇ နေရာ၊ ဧရာဝတီတိုင်း ဒေသကြီး ၈ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး ၁ နေရာ စုစုပေါင်း ၆၇ နေရာနှင့် ချင်းတွင်းမြစ်တွင် ၁၅ နေရာရှိပါကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ဆိပ်ကမ်းများတွင်လည်း ရေကြောင်းကန့်သတ်မှု များကြောင့် ရေယာဉ်များဆိုက်ကပ်ရန် အခက်အခဲ ရှိနေပါကြောင်း၊
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုသလောက်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဘဏ္ဍာငွေအကန့်အသတ်အရသာ ဆောင်ရွက်နိုင်ခဲ့ပြီး နွေအခါတွင် ရေနည်းချိန်တွင် ရေဆူး ကန့်သတ်ချက်များ ဖြစ်ပေါ်နေလျက် ရှိပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သောရေလမ်းပိုင်းများကို တွက်ချက်ရာ၌ ဧရာဝတီမြစ်တွင် ၃၄ နေရာ၊ ချင်းတွင်းမြစ်တွင် ၂၀ နေရာရှိပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်၌ ဖြစ်ပေါ်နေသောRoyal Haskoning နေရာများအတွက် သန်းပေါင်း ၅၈၃၃၅ သန်း၊ ချင်းတွင်းမြစ်အတွက် သန်းပေါင်း ၁၈၄၄၅ သန်း ကုန်ကျမည်ကို တွက်ချက်ထားပါကြောင်း၊ သို့သော် ကုန်ကျစရိတ်များပြားလွန်းသည့်အတွက် ၂၀၁၁ ခုနှစ် Master Plan ရေးဆွဲရာတွင် ၁၉၈၆-၁၉၈၇ ခုနှစ်က Royal Haskoning ကို ပြန်လည်ပြုပြင်ပြီး စရိတ်အသက်သာဆုံးဖြစ်အောင် ရေးဆွဲခဲ့ ပါကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများထိန်းသိမ်းရန် သန်းပေါင်း ၅၃၀၀၀ လိုအပ်သော်လည်း သန်းပေါင်း ၃၈၀၀ ကျော်သာ သုံးစွဲနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြစ်ကြောင်း ထိန်းသိမ်းမှု လုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ရေကြောင်းများ ကြပ်ခြင်း၊ ပြည်တွင်းရေကြောင်းခရီးသည်များ လျော့နည်းလာခြင်း၊ ကုန်စည်ပို့ဆောင်မှု အားနည်းလာခြင်းတို့ ဖြစ်ပေါ်နေပါကြောင်း၊
ယခု ငါးနှစ်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့၏ ကြပ်တည်းသည့်ရေလမ်းကြောင်းများကို ပြန်လည် ပြုပြင်ရန် သန်းပေါင်း ၃၉၀၀၀နှင့် ရေလမ်းညွှန်အမှတ်အသားပြအတွက် သန်းပေါင်း ၁၁၀၀၀ ကျော်ကုန် ကျမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းကို အသုံးပြု၍ မန္တလေးမှ ပုဂံအကြား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေသည့် နည်းတူ ပြည်ထောင်စု ဘတ်ဂျက်တွင် လည်း ရေလမ်းကြောင်း ထိမ်းသိမ်းရေးအတွက် ပိုမိုရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယခုနှစ် REE မှစတင်ကာ နောက် လေးနှစ်ခွဲအတွင်း ဧရာဝတီနှင့် ချင်းတွင်းတွင် ရေကြောင်း သွားလာမှုများ ပိုကောင်းလာအောင် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
