မေးခွန်း အကြောင်းအရာ
ယခင်အစိုးရ လက်ထက် ၂၀၁၀-၂၀၁၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်ကူး တံတားစီမံကိန်းတွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြစ်ကူးတံတား၊ ထန်းတပင်မြစ်ကူး တံတားနှင့် ဖြူးမြို့နယ်၊ အုတ်ဖြတ်မြစ်ကူးတံတား၊ အုတ်တွင်းမြို့နယ်၊ မြို့ဆိုးမြစ်ကူးတံတား ဟူ၍ မြစ်ကူးတံတား လေးစင်းပါဝင်သည့်အနက် အုတ်ဖြတ်မြစ်ကူးတံတားကို တင်ပြချင်ပါကြောင်း၊ အုတ်ဖြတ်မြစ်ကူးတံတားကို တည်ဆောက်ရာ တွင် ဖြူးမြို့၊ အုတ်ဖြတ်ရွာ၊ စစ်တောင်းကမ်းပါးအထိ ပေအရှည် ၁၂ မိုင်ခန့်၊ စစ်တောင်းမြစ်၏ အရှေ့ကမ်းတွင် စစ်တောင်းမြစ်ကမ်းပါး အထိ အရှည် ၃ မိုင်ခန့် ကတ္တရာခင်းပြီးဖြစ်သည့်အတွက် လမ်းပန်းအနေနှင့် လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊
ပထဝီအနေအထားအရ ကြည့်မည်ဆိုပါက ကျောက်ကြီးမြို့နယ်၊ မုန်းတေဇနှင့် ထန်းတပင် မြို့နယ်၊ တောင်ဘက်စွန်းဒေသများသည် ဖြူးနှင့် အနီးဆုံးဒေသများဖြစ်သည့်အတွက် ယင်း ဒေသမှ ပြည်သူများသည် စစ်တောင်းမြစ်အနောက်ဘက်သို့ ထန်းတပင်မြစ်ကူး တံတားမှကူးလျှင် ထန်းတပင်မြို့အထိ ၂၈ မိုင်ခန့်၊ ကျောက်ကြီးတံတားမှကူးလျှင် ကျောက်ကြီးမြို့အထိ ၂၆ မိုင်ခန့်၊ အုတ်ဖြတ်မြစ်ကူးတံတားမှ ကူးလျှင် ဖြူးသို့ အရောက် ၁၂ မိုင်ခန့် အသီးသီးသွားရ မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရ ဖြူးမြို့နှင့်သာ အနီးဆုံးသွားလာ ဆက်ဆံနေရပါ၍ အုတ်ဖြတ်မြစ်ကူးတံတားသည် အရှေ့ဘက်ကမ်းနေ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသည်ကို သိရှိရသည့်အတွက် အုတ်ဖြတ်မြစ်ကူးတံတားစီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်ရန် ရှိ/မရှိနှင့် ရှိခဲ့လျှင်လည်း မည်သည့်အချိန်တွင် စီမံကိန်းစမည် ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပဲခူး တိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း ဖြူး-အုတ်ဖြတ်-မုန်းလမ်းသည် တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲ သောလမ်းဖြစ်ပြီး ၁၃ မိုင် ၃ ဖာလုံ အရှည် ကတ္တရာလမ်းအမျိုးအစားဖြစ်ပါကြောင်း၊ ယင်းလမ်းပေါ်တွင် သံကူကွန်ကရစ် တံတားငယ် ၂၉ စင်းရှိပါကြောင်း၊ နွေရာသီတွင် မုန်းမြို့ဘက်မှသွားလိုပါက ပွန်တွန်းတံတားပေါ်မှ ဖြူးမြို့သို့သွားရောက်နိုင်ပြီး မိုးရာသီရေကြီး သည့်အခါ၌သာ ပွန်တွန်းတံတားကို ဖြုတ်သိမ်း ရပါသဖြင့် ဆက်သွယ်ရေးပြတ်တောက်ပြီး သွားလာမှုခက် ခဲခြင်းဖြစ်ရပါကြောင်း၊
ဖြူးမြို့နယ်တွင် လူဦးရေ ၂၅၅၆၉၇ ယောက်၊ တစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် ၇၉၅၀၅၆ ကျပ်၊ တစ်ရက်လျှင် ဖြတ်သန်းသွားလာသော ယာဉ်စီးရေ ၇၀ စီး ရှိသည်ဖြစ်၍ ဖြူး-အုတ်ဖြတ်-မုန်းလမ်း ပေါ်ရှိ စစ်တောင်းမြစ်ကူး (အုတ်ဖြတ်)တံတားအား တည်ဆောက်ရန် အတွက် အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
စစ်တောင်း မြစ်ကူး(အုတ်ဖြတ်) တံတားအား တည်ဆောက်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ကျပ် ၃၄၈၀ သန်း လျာထားတင်ပြတောင်းခံခဲ့သော်လည်း ရရှိခဲ့ခြင်း မရှိသည့်အတွက် ယခုလက်ရှိအခြေအနေအရ ဖြူးမြို့မှ အုတ်တွင်းမြို့၊ တောင်ငူမြို့တို့ကို ဖြတ်ပြီး မုန်းမြို့သို့ ရာသီမရွေးသွားလာနိုင်ပါကြောင်း၊ စစ်တောင်းမြစ်ကူး(အုတ်ဖြတ်)တံတား တည် ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထားတောင်းခံသွား မည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
