(င)-ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက်လုပ်ခဲ့ရာ ၌ လက်လွတ်ဆုံးရှုံးခဲ့ရသော ကံမမြို့နယ်အတွင်း ရှိ တောင်သူ လယ်သမားများ၏ လယ်ယာမြေများ ကို၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင်ကာလပေါက်ဈေးနှင့် အညီနစ်နာကြေးပေးလျော်ရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၃.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u sein hanမြန်မာ့မီးရထားသည် ကြံခင်း-ပခုက္ကူမီးရထားလမ်းပိုင်းကို ၂၀၀၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၁၄ ခုမှ လယ်ယာမြေ ဧကပေါင်း ၄၁၅ ဧက သိမ်းဆည်းခံခဲ့ရပါကြောင်း၊ ယခု လစ်လပ်ဆုံးရှုံးသွားသည့် လယ်ယာမြေများကို ကာလပေါက်ဈေး နှင့်အညီ ဆုံးရှုံးနစ်နာကြေးကို ပေးလျော်မည်ဟု ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ၁-၁-၂၀၁၅ ရက်နေ့ ရက်နေ့စွဲပါစာအမှတ် (၂/၁၇ လွှတ်တော်/၂၀၁၅-၃၀၈၈၄) မီးရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးလက်မှတ်ဖြင့် ဖြေကြားထားသော်လည်း ယခုချိန်ထိ နစ်နာကြေး မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆုံးရှုံးသွားသည့် တောင်သူလယ်သမား၏ နစ်နာကြေးများကို ကာလပေါက်ဈေးနှင့်အညီ ပေးလျော်မည့်ငွေကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပါဝင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungမကွေးတိုင်းဒေသကြီး၊ ကမံမြို့နယ်ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက်လုပ်ခဲ့ရာတွင် တောင်သူ လယ်သမားများ၏ လက်လွတ်ဆုံးရှုံးခဲ့သည့် လယ်ယာမြေများကို ကာလပေါက်ဈေးနှင့်အညီ ဆုံးရှုံးနစ်နာကြေးပေးလျော်ပါမည်ဟု ဖြေကြားထားပြီး ယခုအချိန်ထိ မရရှိပါကြောင်း၊ ကြံခင်း-ပခုက္ကူရထားလမ်းသည် စုစုပေါင်း ၃၁၄.၆၅ မိုင်ရှိပါကြောင်း၊ ရထားလမ်းဖောက်လုပ်စဉ်က ပါဝင်သည့် မြို့နယ်သည် ၁၁ မြို့နယ်ရှိပြီး သိမ်းဆည်းခဲ့ရသည့် မြေဧကပေါင်း ၄၀၀၀ ခန့်ရှိပါကြောင်း၊ ၂၀၀၈-၀၉ မှစပြီး သိမ်းဆည်းသည့် မြေများအနက် မြို့နယ်ပေါင်း ခုနစ်မြို့နယ်တွက် လျော်ကြေးများပေးချေထားသည့် ဧကပေါင်း ၁၀၁၈.၁၁ ဧကနှင့် သီးနှံလျော်ကြေးအပါအဝင် စုစုပေါင်း ငွေကျပ်သန်း ၂၀၆၇.၃၃၇ သန်းကို ပေးချေထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြို့နယ်လေးမြို့နယ်ကို လျော်ကြေးပေးရန် ကျန်နေသည့် အကြောင်းကို စစ်ဆေးတွေ့ရှိရပါကြောင်း၊

ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ်သည့် အခါတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ခရီးမိုင် ၂၇ မိုင် ဖြတ်သန်းဖောက်လုပ်ခဲ့ပါကြောင်း၊ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် သိမ်းဆည်းမြေများအတွက် မြေလျော်ကြေးပေးရန် အဆင့်များရှိပါကြောင်း၊ သိမ်းဆည်းမြေဧကနှင့် ပါဝင်သည့် တောင်သူစာရင်းကို တိတိကျကျရရှိရန် လိုပါကြောင်း၊ မြန်မာ့မီးရထား၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့နှင့်သက်ဆိုင် ရာတောင်သူများပေါင်းပြီး သိမ်းဆည်းသည့် မြေများကိုတိုင်းတာခြင်းဖြင့် ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိမ်းဆည်းထားသည့်မြေဧက၊ တောင်သူစာရင်း၊ မြေစာရင်းမြေပုံများ ရရှိလာသည့်အခါတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ မြေလျော်ကြေးတန်ဖိုးကို ကာလပေါက်ဈေးနှင့်အညီ တွက်ချက်ပြီး သက်ဆိုင်ရာခရိုင်နှင်‌့ ပြည်နယ်/တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို အဆင့်ဆင့်တင်ပြပြီး အတည်ပြုချက် ရယူရပါကြောင်း၊ အတည်ပြုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အကြောင်းကြားရပါကြောင်း၊

အကြောင်းကြားသည့်အခါ ဝန်ကြီးဌာနမှ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ကို ဘဏ္ဍာငွေလျာထား တောင်းခံရပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲခွင့်ရရှိသည့်အခါတွင် သက်ဆိုင်ရာတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဘဏ္ဍာငွေလွှဲအပ်ပေး၍ အဖွဲ့ဖွဲ့ပြီး လျော်ကြေးပေးချေခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် မေလ ဒုတိယပတ်တွင် စာရင်းကိုမြန်ဆုံး ရရှိအောင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များမှ အဆင့်ဆင့် ကာလပေါက်ဈေးတွက်ချက်ပြီး တောင်သူလယ်သမားများ၏ ဆုံးရှုံးနစ်နာသည့် လယ်ယာမြေအကြွေးများ ရရှိခဲ့မည်ဆိုပါက အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အခွန်ဘတ်ဂျက်ပြန်လည် တောင်းခံရမည်ဆိုပါက တောင်းခံပြီးမရရှိခဲ့လျှင်လည်း ရှေ့နှစ်ဘတ်ဂျက်မှ ပြန်လည်ဖြေကြား ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လေးမြို့နယ်ကိုလည်း တစ်ပြိုင်တည်းရရှိအောင် ကြိုးစားဆောင်ရွက်နေပါကြောင်းဖြင့် ရှင်းလင်းဖြေကြား ပါသည်။