(ဂ)-ဂန့်ဂေါမြို့နယ်၊ ကျော-ရေမျက်နီ ရထားလမ်း တွင်ရထားပြန်လည်ပြေးဆွဲရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၃.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

yin min hlaingဂန့်ဂေါမြို့နယ် ကျောကျေးရွာအနီး ပုညာတောင်တွင်  ၅၆၁၀ ပေရှည်လျားသော သံကူကွန်ကရစ် RCC လိုင်စင်အမျိုးအစား ရထားဥမင်ကြီးကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်၍ ဆောက်လုပ်ခဲ့ပြီး ၁၀ နှစ်နီးပါးအကြာ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ ဥမင်ကြီးကို နိုင်ငံတော်၏ ဘဏ္ဍာငွေအမြောက်အများ ကုန်ကျခံဖောက်လုပ်ခဲ့ပြီး ဥမင်အကျယ် ၁၅ ပေ ၄ လက်မ၊ အမြင့် ၁၉ ပေ ၄ လက်မ မြင်‌့ပါကြောင်း၊ ၂၇-၁-၂၀၁၆ ရက်နေ့တွင် ဥမင်အပါအဝင် ၂၇.၀၇ မိုင်ရှိသော ကျောရေမျက်နီရထားလမ်းပိုင်းကို စတင်ပြေးဆွဲခဲ့ပါကြောင်း၊ သို့သော်လည်း သုံးနှစ်ကျော်ကြာ ၂၀၁၀ ခုနှစ် မိုးရာသီ ဇူလိုင်လ ၅ ရက်နေ့မှစ၍ ရပ်နားပြီး ယခုတိုင်ပြေးဆွဲခြင်း မရှိတော့ပါကြောင်း၊ ဒေသခံများအနေဖြင့် ရထားနှင့် ခရီးသွားခြင်းသည် ကုန်ကျစရိတ်သက်သာပြီး ဒေသဖွံ့ဖြိုးမှု၊ အန္တရာယ်ကင်းမှုတို့မှာ ကားလမ်းထက်များစွာ ပိုမိုကောင်းမွန်သည့်အတွက်  (၁) ကျောရေ မျက်နီရထားလမ်းတွင် ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိ၊ (၂) မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin maungကျော-ရေမျက်နီလမ်းပိုင်းသည် ကလေး-ဂန့်ဂေါ-ပခုက္ကူရထားလမ်းပိုင်းတွင် ပါဝင်ပြီး ခရီးမိုင်ပေါင်း ၂၇ မိုင်၊ သံလမ်းမိုင် ၂၈.၉၂ မိုင်ရှိပါကြောင်း၊ ၁၂-၂-၂၀၀၅ ကဖောက်လုပ်ခဲ့ပြီး ၁၇-၁-၂၀၀၇ ရက်နေ့တွင် ဖွင့်လှစ်ပြီး ရထားစတင် ပြေးဆွဲပါကြောင်း၊ သို့သော် အချိန်သုံးနှစ်ကြာမြင့်ချိန်တွင် ဂီရိမုန်တိုင်း ကျရောက်ခဲ့ခြင်းကြောင့် လမ်းပိုင်းများပျက်စီးကား ၅-၇-၂၀၁၀ ရက်နေ့မှစပြီး ရထားလမ်းပိုင်းကို ပိတ်ခဲ့ရပါကြောင်း၊

လမ်းပိုင်းပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့်  ၂၀၁၁ ခုနှစ်တွင် O2B မုန်တိုင်း ထပ်မံပြီးကျရောက်သည့်အတွက် အဆိုပါရထားလမ်းပိုင်းရှိ နေရာ ၅၇ နေရာတွင် ပျက်စီးမှုများထပ်မံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊  ကျော-ရေမျက်နီလမ်းပိုင်းတွင် ပုညတောင်ရထားလမ်း ဥမင် ပေ ၅၆၁၀ တစ်မိုင်ခန့်ရှိပြီး ဥမင်လိုင်ခေါင်း၏ အခြေအနေက ကောင်းမွန်သော်လည်း ဥမင်ကို အဝင်အထွက်သွားလာနေသော ရထားလမ်းများ မြေသားနိမ့်ကျခြင်း၊ မြေသားလျော့ဆင်းခြင်းနှင်‌့ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင်  ပြန်လည်ပြုပြင်ခဲ့သော်လည်း ပြန်လည်ပျက်စီးပြီး အကျိုးမရှိနိုင်ခြင်းကြောင့် မြန်မာနိုင်ငံဘူမိဗေဒ ပညာရှင်အသင်းကို အကူအညီတောင်းခံခဲ့ရာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဘူမိဗေဒဌာနမှဧည်‌့ပါမောက္ခ အင်ဂျင်နီယာဦးကျော်ထွန်းနှင့် ပြည်တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ လက်ထောက်ကထိက ဦ‌အောင်ကျော်မြတ်တို့မှ လာရောက်  ကြည်‌့ရှုစစ်ဆေးပေးခဲ့ကြောင်း၊ အဆိုပါ  ဘူမိဗေဒပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ -(က) ကျော-ရေမျက်နီလမ်းပိုင်းတွင် ပြတ်ရွေ့ကြီး၊ ပြတ်ရွေ့ငယ်များတွေ့ရှိရခြင်း၊ ပုံညာတောင်ဥမင်၏ ပတ်ဝန်းကျင်တွင် လွှာတွန့်ခုံးများနှင့် လွှာတွန့်ချိုင့်များပါရှိနေသော သက်ရှင်ပြတ်ရွေ့များကို တွေ့ရှိရခြင်း၊ ၎င်းလမ်းပိုင်းတွင်တွေ့ရှိရသော ကျောက်အမျိုးအစားတွင် ယောယှေ့လကျောက်၊ ပုံတောင်သဲကျောက်နှင့် ရွံ့ကျောက်များအပြင် ရွံ့စေးကျောက်၊ ပုံတောင်သဲကျောက်နှင့် ရွံ့ကျောက်အပြင် ရွံ့စေးကျောက်၊ ထီးလင်းသဲကျောက်၊ လောင်းရှည်သဲကျောက်၊ လှေလကျောက်များကို တွေ့ရှိရပြီး ပင်ကိုယ်သဘောကပင် မတည်ငြိမ်သော ဘူမိအနေအထားများရှိနေခြင်း၊ ရထားလမ်းအူကြောင်းသည် ပြတ်ရွေ့ကြောနှင့် အပြိုင်တည်ရှိလျက် ရှိနေခြင်း၊ ရထားလမ်းအူကြောင်းသည် အင်ဂျင်နီယာဂုဏ်သတ္တိ ညံ့ဖျင်းသော ကျောက်လွှာယူနစ်များကိုသာ ဖြတ်၍ဖောက်လုပ်ထားသဖြင့် မိုးရာသီ၌ Bearing Capacity နည်းပြီး တာဘောင်များပျက်စီးခြင်း၊

(ခ)ပျက်စီးမှုဖြစ်ခဲ့သော မြေနေရာ ၅၇ နေရာကို အဓိကဆောင်ရွက်ရမည့်လုပ်ငန်းများမှာမြေထိန်းနံရံများ တည်ဆောက်ရန်လိုအပ်ခြင်း၊ Side Slope များတွင် Steel Mesh များဖုံးအုပ်ရန် လိုအပ်ခြင်း၊ လိုအပ်သောနေရာများတွင် ရေထွက်ပေါက်တံတားများ Box Culvert သို့မဟုတ် Open Bride များ တည်ဆောက် ပေးရန်လိုအပ်ခြင်း၊ ရေစီးရေလာကောင်းရန်နှင့် အောင်းရေ Pore Pressure မရှိရန်အတွက် ရေမြောင်းများပြုလုပ်ခြင်း၊ Perforated Pipe များ ထည့်သွင်းတည်ဆောက်ပေးရန် လိုအပ်ခြင်းစသည့် အကြံပြုချက်များ ရရှိခဲ့ပါကြောင်း၊

 ဘူမိဗေဒပညာရှင်များ၏ အကြံပြုချက်အပေါ် အခြေခံဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် သံလမ်းပြုပြပင်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ရန် ခန့်မှန်းကုန်ကျစရိတ် သန်းပေါင်း ၆၂၃၅.၂၁ သန်း ဖြစ်ပါကြောင်း၊ ကျော-ရေမျက်နီ လမ်းပိုင်းကို ပြန်လည်ပြုပြင်သည့် လုပ်ငန်းအတွက် ကုန်ကျစရိတ်တန်ဖိုးသည် အလွန်များပြားပြီး စီမံကိန်းသစ်တစ်ခုဆောင်ရွက် ရမည်ဖြစ်ခြင်း၊ လမ်းပိုင်းပြန်လည် ပြုပြင်ဆောင်ရွက်မည်ဆိုပါက ရေမျက်နှာသွင်းပြင် အနေအထားအရ ပြတ်ရွေ့ကြောများရှိခြင်း၊ မြေပြိုခြင်း၊ လျောကျခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ခြင်း၊ ခရီးသည်စီးနင်းမှု နည်းပါးခြင်း၊ ပြင်ဆင်ရမည့်စရိတ်က ကြီးမားခြင်း၊ မော်တော်ယာဉ်လိုင်းကားအနေဖြင့် ကျော-ရေမျက်နီလမ်းပိုင်း ပုံတောင်-ပုံညာတောင်ပေါ် လမ်းပိုင်းတွင် ဖြတ်သန်းပြေးဆွဲခြင်း၊ အခြားအရေးကြီးဆုံးနေရာများကို ဆောင်ရွက်ရန် ရှိခြင်းတို့ကြောင့် ယခုအချိန်တွင် ဦးစားပေးဆောင်ရွက်ရန်နှင့် ရထားပြေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။