မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာဉ်တိုက်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခြင်းကြောင့် အသက်ဆုံးရှုံးရခြင်း၊ ကိုယ်လက်အင်္ဂါများချို့ယွင်းခြင်း၊ ကျန်းမာရေးဌာနများအနေဖြင့်လည်း ငွေကြေး ဘဏ္ဍာများ မြောက်များစွာ ကုန်ကျခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ပြည်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူ အရေအတွက်သည် အခြားအမှုများဖြင့် အသက်ဆုံးရှုံးရသူ အရေအတွက် သုံးဆခန့် များပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများအနက်မှ ယာဉ်မောင်းလိုင်စင်မရှိခြင်း လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များ အလွန်များပြားနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အလွယ်တကူ ဝယ်ယူရနိုင်ပြီး ဈေးနှုန်းသက်သာသော လိုင်စင်မဲ့ဆိုင်ကယ်များကို ဝယ်ယူသုံးစွဲခဲ့သည်မှာလည်း နှစ်အတန်ကြာနေပြီဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ၊ ပုဒ်မ ၅၈ ပုဒ်မခွဲ(က)အရ လိုင်စင်မဲ့မော်တော်ယာဉ်များကို စီးနင်းမည် ဆိုပါက တစ်လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငါးသောင်းကျပ်ထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေအရ ဥပဒေအားလုံးသည် ရဲအရေးပိုင်သည့် အမှုများလည်းဖြစ်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများ အဆိုပါ ပြစ်ဒဏ်များကြောင့် အကျပ်အတည်းများ တွေ့ကြုံရသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အချိန် ကာလတစ်ခုသတ်မှတ်ပြီး လိုင်စင်ပြုလုပ်ပေးရန်နှင့် တရားမဝင်ရောင်းဝယ်နေသော ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ကားများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နယ်စပ် ကုန်သွယ်ရေးသွင်းကုန်လိုင်စင်ဖြင့် တင်သွင်းသော မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ပေးခြင်း၊ မြန်မာ့ စက်မှုလုပ်ငန်းဖွံ့ ဖြိုးရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းစက်မှုဇုန်ထုတ် ဆိုင်ကယ်များကို မှတ်ပုံတင်ပေးခြင်းများဆောင်ရွက်ခဲ့ရာ ၃၀-၄-၂၀၁၆ ရက် အထိ မော်တော်ဆိုင်ကယ်စီးရေပေါင်း ၄၆၆၇၈၁၂ စီးကို မှတ်ပုံတင်ပေးနိုင်ခဲ့ပါကြောင်း၊
ပြည်တွင်းကို နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင် ဝင်ရောက်လာသော မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် ၁၉၉၉ ခုနှစ်ကနေစတင်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ ကိုးကြိမ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ရာတွင် ၃၂၈၄၉၁၇ စီး မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ဆောင်ရွက်ပေးပြီး သတ်မှတ်ကာလကျော်လွန်လျှင် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းပြီးနောက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ ၇-၂-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁၀၇ (၂)/၈/သမ္မတရုံး မှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် သဝဏ်လွှာပေးပို့ထားခဲ့ပါကြောင်း၊ သဝဏ်လွှာအရ အကောက်အခွန် ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ အာမခံ Premium နှင့် ဘဏ်ဆောင်ရွက်ခဲ့က ၂၃၀၀ ကျပ် ယာဉ်မှတ်ပုံတင်ကြေးက ၂၂၀၀၀ကျပ် ကောက်ယူမည်ဖြစ်သည်ကို တင်ပြခဲ့ပါကြောင်း၊
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ပိုင်ဆိုင်သည့် ပြည်သူများအနေဖြင့် နစ်နာမှု မရှိစေရေးအတွက် သတ်မှတ်အခွန်အခများ ပေးဆောင်ပြီး တရားဝင်လိုင်စင် ထုတ်ပေးခြင်းကို ကိုးကြိမ်တိုင်တိုင် One Stop Service ဖြင့် ဖြေလျှော့ခွင့်ပြုပြီးနောက် တရားမဝင်မော်တော် ဆိုင်ကယ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ စက်တင်ဘာလ ၂၀၁၄ ခုနှစ်တွင် ထပ်မံ ညွှန်ကြားလာပါကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ကိုးကြိမ်တိုင်တိုင် One Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့သော်လည်း တရားမဝင်ဆိုင်ကယ်များ ထပ်မံတွေ့ရှိပါက ဆောက်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို သမ္မတရုံးမှ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီတို့ကို တိုက်ရိုက် ညွှန်ကြားထားပါကြောင်း၊ အဆိုပါညွှန်ကြားချက်တွင် အထူးစစ်ဆေးခ ၅၀၀၀ ကျပ်၊ သတ်မှတ်ထားရှိသော ကနဦးမှတ်ပုံတင်ခနှင့် ယာဉ်စစ်ဆေးခ၊ မှတ်ပုံတင် ကျသင့်ငွေများကောက်ယူရန်နှင့်ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအောက်မလျော့သော ဒဏ်ငွေကောက်ခံရမည်ဖြစ်ကြောင်း၊ ဒဏ်ကြေးပေးသွင်းခြင်းမပြုပါက ပို့ကုန်သွင်းကုန်ဥပဒေအရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အထက်ပါအတိုင်းဆောင်ရွက်ပြီးနောက် စစ်ဆေးခ ၅၀၀၀ ကျပ်၊ ကနဦးမှတ်ပုံတင်ခများ ကောက်ခံ၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ အနေဖြင့် ရရှိလာသောအခွန်ငွေများမှ ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာငွေသို့ ပေးသွင်းရန်နှင့် ကျန်ရှိသူများကို တိုင်းဒေသကြီးဘဏ္ဍာငွေတွင် ပေးသွင်းရန်ညွှန်ကြားထားပါကြောင်း၊
လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ရအောင်ဆောင်ရွက်ပေးရာ၌ တရားဝင် တင်သွင်းလာသော ဆိုင်ကယ်ပိုင်ရှင်များ နစ်နာမှုရှိနိုင်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးခွင့်ပြုချက်ဖြင့် တင်သွင်းနေသော အရောင်းပြခန်းများကို ထိခိုက်လာနိုင်ခြင်း၊ တရားဥပဒေ ချိုးဖောက်ကျူးလွန်နေမှု အားပေးအား မြှောက်ပြုရာ ရောက်ခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန်ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသော စနစ်များနှင့် ဆန့်ကျင်နေခြင်း၊ အိမ်နီးချင်း နိုင်ငံများမှ ဆိုင်ကယ်များ ခိုးသွင်းလာမှုဖြစ်ပေါ်လာပါက ဥပဒေအကြောင်းအရ အရှုပ်အထွေးဖြစ်ပြီး နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် တရားမဝင်လိုင်စင်မဲ့ ဆိုင်ကယ်များကို ဝယ်ယူသုံးစွဲခြင်း မပြုသင့်ပါကြောင်း၊
တရားမဝင်လမ်းကြောင်းက ဆိုင်ကယ်များ ထပ်မံဝင်ရောက်ခြင်းမရှိစေရန် နယ်စပ်ဖြတ်ကျော်ပြီး ထပ်မံဝင် ရောက်လာမည့် တရားမဝင်သယ်ဆောင်ရောင်းဝယ်နေသော မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့်ကားများ၊ ပြည်တွင်း၌ရောက်ရှိနေသော လိုင်စင်မဲ့ယာဉ်များအား သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်းကာ စီမံချက်ချမှတ်၍ ရှောင်တခင်စစ်ဆေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်နေပါကြောင်း၊ ဌာနစုံပူးပေါင်းအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် တောလမ်းနှင့် နယ်စပ်ဒေသဝင်ပေါက်များမှ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် တင်းကျပ်စွာ တားမြစ်ပိတ်ဆို့မည်ဖြစ်ပါကြောင်းနှင့် ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ကျူးလွန်သူများကို ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်အရေးယူခြင်းများကိုလည်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် မိမိတို့အနေဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များ စိစစ်တွေ့ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၅-၉-၂၀၁၄ ပါစီမံချက်နှင့်အညီ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
