(ခ)-တန့်ဆည်မြို့နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေပြဋ္ဌာန်းချက်များကို အသုံးပြုခွင့်ရရှိထားသူများသိအောင်မည်သို့ဆောင် ရွက်မည်နှင့်လယ်မြေပိုင်ဆိုင်ခွင့်ပုံစံ(၇)ထုတ်ပေးခြင်း ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၁.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myint tunမိမိတို့မြို့နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ၊ နည်းဥဒေများကို အခွင်‌့အကောင်းယူပြီး မြေဧက ၂၀၁၈၁ ကို လူ (၁၃) ဦး၏ အမည်ပေါက်ဖြင့် အပိုင်စီးခဲ့ပါကြောင်း၊ ၎င်းသစ်တောများ၏ ပတ်ဝန်းကျင် တွင် ကျေးရွာများ ရှိသည့်အတွက် နွားစားကျက်ရှားပါးခြင်း၊ ထင်းခွေရန်ခက်ခဲခြင်းများအပြင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ရေရှားပါးမှုပါ ကြုံတွေ့နိုင်ပါကြောင်း၊ အချို့မြေများသည် မုံရွာ၊ ရေဦး၊ ကလေးဝ လမ်းမ ကြီးဘေးတွင်ရှိပြီး အရှည် ၇ မိုင်ခန့်အထိ တိုင်များ၊ ခြံစည်းရိုးများ ခတ်ထားသည်ကို မြင်တွေ့ရပါကြောင်း၊

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ လွှဲပြောင်းခြင်း၊ ခွဲစိပ်ခြင်းမပြုရဟုဆိုသော်လည်း ပြုလုပ်နေကြပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ (က) တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိဘဲ အခွင်‌့အရေးတစ်ရပ်အနေဖြင့် ရယူထားခြင်းမရှိစေလိုပါကြောင်း၊  ဥပဒေပုဒ်မ ၂၁ တွင် စည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေ့ရှိလျှင် မူလသွင်းထားသည့် အာမခံကြေးကို သိမ်းဆည်းရမည်‌့အပြင် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင်‌့ကိုလည်း ပြန်လည်ရုပ်သိမ်း ပိုင်ခွင့်ရှိပါကြောင်းနှင့် ဥပဒေချိုးဖောက်ခြင်းရှိ/မရှိ၊ ရှိလျှင်လုပ်ပိုင်ခွင်‌့ အသုံးပြုခွင့်ရုပ်သိမ်း/မသိမ်း သိရှိလိုပါကြောင်း၊ ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) တွင် မူလခွင်‌့ပြုကာလထက် ကျော်လွန်သည်ထိ ဖော်ထုတ် လုပ်ကိုင်အသုံးပြုခြင်း မရှိသည့်မြေများကို နိုင်ငံတော် မှ ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသည့် မြေကွက်လပ်များကို နိုင်ငံတော်ပိုင်အဖြစ် ဒေသခံများသိအောင်နှင့် အသုံးပြုခွင့်ရရှိထား သူများလည်းသိရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇) ထုတ်ပေးထားခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuစစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်‌ဆည်မြို့နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားကြောင်း သိရှိရပါကြောင်း၊ အထက်ပါဖော်ပြခဲ့သည့် လူပုဂ္ဂိုလ် (၁၃)ဦး၏ မြေဧရိယာဧကပေါင်း ၂၀၁၈၁ ဧကကို ခွဲခြားပြီးသည့်အခါတွင် ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုအဖွဲ့မှ  လူပုဂ္ဂိုလ် (၁၀)ဦးအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းဧရိယာ ၂၀၁၃၄.၆၇ ဧကကို ခွဲဝေပေးခဲ့သည့်ကိစ္စ၊ နှင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့မှလူပုဂ္ဂိုလ် (၂)ဦးတို့ကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧရိယာ ၂၀ ဧကကို ခွင့်ပြုပေးခဲ့သည့် ကိစ္စရပ်များပါဝင်ပါကြောင်း၊ ဥပဒေရေးရာကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ဥပဒေပုဒ်မ ၂၁၊ ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မခွဲ(ဃ)တွင် ပြဋ္ဌာန်း ထားရှိ ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူသည် နည်းဥပဒေ ၄၉ အရ ခွင်‌့ပြုမိန့်ရရှိထားသည့် မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်းပြီး ခွင့်ပြုမိန့်ထုတ်ပေးသည့် ရက်စွဲနှင့်စာအမှတ်တို့ကို ပြည့်စုံစွာဖော်ပြပြီး အမှန်တကယ် ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးသော ဧရိယာနှင်‌့ကျန်ရှိနေသည့် ဧရိယာများကို ဓာတ်ပုံမှတ်တမ်းများနှင့် တကွပူးတွဲပြီး အထောက်အထား ခိုင်လုံစွာမှတ်တမ်းပြုစုပြီး ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ၅၀ အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အထူးအဖွဲ့များ အနေဖြင့်လည်း သက်ဆိုင်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရသူ၊ တရားဝင်လွှဲအပ်ခြင်းခံရသူကို တစ်ပါတည်းလိုက်ပါစေပြီး သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းပြီး ခွင့်ပြုထားသည့် မြေပေါ်တွင် ဖော်ထုတ်လုပ်ကိုင် ပြီးစီးမှုအခြေအနေကို စစ်ဆေးတင်ပြဆောင်ရွက်သွားရန် တာဝန်ရှိပါကြောင်း၊

အပိုဒ်ခွဲ(က) မြေအမျိုးအစားတွင် ယခင်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိထားသည့် လူပုဂ္ဂိုလ် (၁၀)ဦး၏ ဧရိယာ ၂၀၁၃၄.၆၇ ဧကတွင် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးမှုသည် ၁၀၆၄ ဧကဖြစ်ပြီး ကျန်ရှိသည့်  ၁၉၀၇၀.၆၇ ဧကသည် မူလခွင်‌့ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်း မရှိပါကြောင်း သိရှိရသည့်အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရထားသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းထံသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့မှ မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်သည်ကို တွေ့ရှိရသည့်အတွက် ၂၇-၅-၂၀၁၄ ရက်နေ့တွင် အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်  ပယ်ဖျက်ပြီးပါက ဒေသခံများသိရှိနိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင်‌့မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့မှ အသိပေးရှင်းလင်း ပြောကြားနိုင်မည် ဖြစ်ပါကြောင်း၊ အပိုဒ်(ခ)တွင်ပါဝင်သည့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့မှ ခွင့်ပြုပေးထားသည့် လူပုဂ္ဂိုလ်နှစ်ဦး၏ ဧရိယာ ၂၀ ဧကနှင်‌့ စပ်လျဉ်းပြီး ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ဃ)အရ ဖော်ထုတ်စိုက်ပျိုးရန် သတ်မှတ် ထားသည့်ကာလကျော်လွန်ခြင်း မရှိသေးပါကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွေဘိုခရိုင်၊ တန့်ဆည်မြို့နယ် အတွင်းမှာရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင်‌့ ပုံစံ(၇) ထုတ်ပေးထားခြင်း ရှိခြင်း/မရှိခြင်းနှင်‌့ပတ်သက်၍ ထုတ်ပေးထားခြင်းမရှိပါကြောင်း နှင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ထွန်း (တန့်ဆည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နည်းဥပဒေ ၄၅(က)တွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အစရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို စတင်ခွင့်ပြုသည့် နေ့မှစပြီး၍ ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂၅ ရာခိုင်နှုန်းဖြင့် ရာနှုန်းပြည့်လုပ်ငန်း ပြီးစီးသည်အထိ ဖော်ထုတ်ရမည်ဟု ပါရှိပါကြောင်း၊ ခုနက ဧက ၂၀၀၀ ကျော်ကို ကင်းလွတ်ခွင့်ပြုထားသည်ဟု ဖြေကြားသည့်အတွက် ယခုမိမိတင်ပြသည့် နည်းဥပဒေ ၄၅(က)နှင့် ယခု ခွင့်ပြုသည့်မြေဧကသည် ကိုက်ညီမှုရှိ/မရှိနှင့် ကိုက်ညီမှုမရှိပါက မည်သို့မည်ပုံ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

မိမိဖြေကြားချက်တွင် ပါဝင်သည့်အချက်မှာ ၂၀၀၀၀ ကျော်အနက် ၁၀၆၄ ဧကကို အသုံးပြုသည်ဟု ဖြေရှင်းထားပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး စည်းကမ်းချက်များ လုပ်ငန်းဆောင်တာများ ပျက်ကွက်ကြောင်းကို ၂၀၁၄ ခုနှစ်တွင် သတိပေး ထားပြီးဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး အဖွဲ့မှ တင်ပြအကြောင်းကြားပြီး လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန် အားနည်းသည်ကို ကြီးကြပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။