(က)-သာစည်မြို့နယ်ရှိ တိမ်ကောနေသောညောင် ရမ်းမင်းလှကန်အားဆက်လက်ပြုပြင်ပေးနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ခွဲဝေ ချထားပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၁.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u than soeမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ညောင်ရမ်းမင်းလှကန်ကြီးသည် စိုက်ပျိုးဧကပေါင်း ၂၇၀၀၀ ကျော်ကို ရေပေးဝေနိုင်သည့် သာစည်မြို့နယ်ရှိ ဒေသခံတောင်သူများ၏ အားကိုးအားထားရာဖြစ်သည့် ကန်ကြီးလည်းဖြစ်ပါကြောင်း၊ အဆိုပါ ညောင်ရမ်းမင်းလှကန်အတွင်း မိုးရေများစီးဝင်ရာမှ သဲနုန်းများ ပို့ချမှုကြောင့်လည်းကောင်း၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၏ ဒိုက်အပေါ်သစ်ကိုင်းများ စုပုံထားရှိခြင်းကြောင့် လည်းကောင်း၊ ငါးဖမ်းမှုကြောင့်လည်းကောင်း တဖြည်းဖြည်း တိမ်ကောလာပြီး မိုးရာသီတွင် ရေဝင်ရောက်မှု ဧရိယာနည်းပါးမှုကြောင့် ရေကိုစုဆောင်းနိုင်ခြင်းမရှိဘဲ ရေပိုလွှဲမှတစ်ဆင့် ထုတ်ပေးရပါကြောင်း၊ အဆိုပါ ညောင်ရမ်းမင်းလှကန်ကြီးကို သဲနုန်းတူးဖော်ပေးရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း တစ်ထောင်ခွင့်ပြု ရန်ပုံငွေရရှိပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါသဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ရေခန်း‌ခြောက်သည့် အချိန်တွင် တူးဖော်ရန် ဖြစ်ပါကြောင်း၊ အဆိုပါ မင်းလှကန်ကြီးကောင်းမွန်မှ မိုးနည်းသောနှစ်များတွင် စိုက်ပျိုးရေပေးဝေနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝပိုမို တိုးတက်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဲနုန်းတူးဖော်ရန်ကျန်ရှိသော ညောင်ရမ်းမင်းလှ ကန်ကြီးအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေး အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuမန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ညောင်ရမ်းမင်းလှကန်အတွင်း သဲနုန်းများပို့ချခြင်း၊ တိမ်ကောလာခြင်း၊ ကန်ပေါင်များနိမ့်ကျပျက်စီး လျက်ရှိခြင်း တို့ကြောင့် ရေသိုလှောင်နိုင်မှု ပမာဏ လျော့ကျလျက် ရှိပါကြောင်း၊ ညောင်ရမ်း-မင်းလှကန်တွင် ညောင်ရမ်းကန်နှင့် မင်းလှကန်ဟူ၍ ပူးတွဲတည်ရှိပြီး ညောင်ရမ်းကန်မှာ အလျား ၂၅၅၀၀ ပေနှင့် မင်းလှကန်မှာ အလျား ၂၄၅၀၀ ပေဖြင့် စုစုပေါင်းကန် အလျား ၅၀၀၀၀ ပေခန့် မိုင်အားဖြင့် ပြောရမည်ဆိုလျှင် ၉ မိုင်ခွဲခန့် ရှည်လျားပြီး ရေတံခါးတပ်ရေပိုလွှဲ(၄)ခု ထည့်သွင်းတည်ဆောက်ထားသည်ကို တွေ့ရပါကြောင်း၊ ဆည်ရေသောက်စနစ်မှာ ရေပေးမြောင်း (၇)ခုရှိပြီး သာစည်မြို့နယ်အတွင်း မိုးစပါးစိုက်ဧရိယာ ၂၇၂၀၀ ဧကခန့်ကို ရေပေးဝေနေခြင်း၊ ဒေသနေပြည်သူများနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ သောက်သုံးရေပေးဝေခြင်း၊ ဒေသစိမ်းလန်း စိုပြည်ခြင်းကို အကျိုးပြုနိုင်ခဲ့ရာမှ ယခုအခါ ရေလှောင်သည့် ပမာဏလျော့ကျပြီး မိုးစပါးစိုက်ဧက ၁၂၉၁၂ ခန့်နှင့် နွေစပါးစိုက်ဧက ၂၅၀ ခန့်သာ စိုက်ပျိုးရေ ပေးဝေနိုင်သည်ကို တွေ့ရပါကြောင်း၊ ပြင်ဆင်ထိန်းရန် ကုန်ကျစရိတ်နှင့် ဆောင်ရွက်ပြီးစီးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ညောင်ရမ်း-မင်းလှကန် ရေပိုမိုသိုလှောင်နိုင်ရေးအတွက် သဲနုန်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကန်တွင်းသဲနုန်းတူးဖော်ခြင်း၊ မြေကြီးကျင်းပေါင်း သိန်း ၃၀၊ ရေဝင်ချောင်းများ သဲနုန်းတူးဖော်ခြင်း မြေကြီးကျင်းပေါင်း ၁.၂ သိန်း၊ ကန်တွင်းရှိရေအား အဆောက်အအုံများ ပြုပြင်ခြင်း လုပ်ငန်း (၈)ခုနှင့် ဆည်ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်း မြေကြီးကျင်းပေါင်း ၂.၂၂ သိန်း စသည်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွက်ချက်မှုအရ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်း ၂၄၀၀၀ ခန့်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများအနက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ခွဲဝေရန်ပုံငွေ ကျပ်သန်း ၂၁၆၀ ဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၉% ခန့် ဆောင်ရွက်ပြီးစီး ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ခွဲဝေချထားမှုကိစ္စရပ် ဖြစ်ပါကြောင်း၊ ညောင်ရန်း-မင်းလှကန်၏ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် သီးသန့်ရန်ပုံငွေ ခွဲဝေချထားနိုင်ရေး ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေအပိုင်း(၄)၊ သီးသန့်ရန်ပုံငွေ ပုဒ်မ ၂၄ တွင် သီးသန့်ရန်ပုံငွေ ချထားခွင့်ရှိပါကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊ ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ခြင်း၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်း ကျခံရန်အတွက် ရန်ပုံငွေမရှိခြင်းစသည့် ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေ သုံးစွဲခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ခွင့်ပြုရမည်ဟုလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကျိုးကြောင်းဖော်ပြ ချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် အထက်ပါလုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြတောင်း ခံပြီးမှ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

ညောင်ရမ်း-မင်းလှကန် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မူလရန်ပုံငွေ ကျပ်သန်း ၁၀၀၀ လျာထားပါဝင်ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအနက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းပမာဏကြီးမားပြီး ရန်ပုံငွေလိုအပ်ချက် များပြားသည့် လုပ်ငန်းဖြစ်သည့်အပြင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ကျန်ရှိသော လုပ်ငန်းအားလုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံလိုအပ်သည့် ရန်ပုံငွေ ကျပ်သန်းပေါင်း ၂၀၈၆၃ ခန့်ကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် အခြေခံပြီး လုပ်ငန်းများဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။