(ခ)-ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ် အတွင်း၌လျှပ်စစ်မီး ပြတ်တောက်နေမှုများ၊လျှပ်စစ် ဓာတ်အားပြည့်ဝစွာမဖြန့်ဖြူးနိုင်ခြင်းများနှင့်ပတ်သက် ပြီး လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မည်ကဲ့ သို့ဆောင်ရွက်ထားသည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၁.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nay myo htetပြည်သူများအနေဖြင့် လျှပ်စစ်မီတာခ ကျသင့်ငွေများကို အချိန်နှင့်တစ်ပြေးညီ ပုံမှန်ပေးဆောင်ကြရသည့်နည်းတူ  အသက်အန္တရာယ် လုံခြုံမှုရှိခြင်းကိုလည်း လိုချင်ကြပါကြောင်း၊ ကျောက်တံတားမြို့နယ်အတွင်း၌ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားမှုသည် ခေတ်နှင့်ညီညွတ်ခြင်းမရှိဘဲ လုံခြုံမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗိုလ်ချုပ်လမ်းနှင့် ၃၄ လမ်းထိပ်တွင် လျှပ်စစ်ဓာတ်တိုင်မှ ရေအိုင်အတွင်းသို့ လျှပ်စစ်စီးဝင်နေသောကြောင့် ပြည်သူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါကြောင်း၊

မိမိတို့မြို့နယ် မြို့လယ်ခေါင်ရှိ ကျောက်တံတားနေရာတွင် တည်ရှိသည့် ဆွေးမြေ့ဟောင်နွမ်းနေသော ကြိုးများနှင့် အန္တရာယ်ရှိနိုင်သည့် နေရာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တံတားမြို့နယ်အတွင်း လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန်နှင့် ဗို့ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို လည်းကောင်း၊ လျှပ်စစ်မီးပြတ်တောက်သည့်အခါ၌ မြို့နယ်အတွင်းရှိ ပြည်သူလူထုများ သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိကိုလည်ကောင်း၊  ကျောက်တံတား မြို့နယ်အတွင်း လျှပ်စစ်ကဏ္ဍအလိုက် ပုဂ္ဂလိကကုမ္ပဏီများကို လွှဲပြောင်းထားခြင်းရှိ/မရှိကိုလည်ကောင်း သိရှိလိုပါကြောင်းနှင့် လွှဲပြောင်းထားခြင်းရှိပါက လျှပ်စစ်နှင့် စွမ်အင်ဝန်ကြီးဌာနအနေဖြင့် ၎င်းပုဂ္ဂလိက ကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသနည်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ၏ ကြံ့ခိုင်မှုများကို မည်ကဲ့သို့ ထိန်းသိမ်း ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

pe zin tunကျောက်တံတားမြို့နယ်အတွင်းကို ရန်ကုန်ဓာတ်အား စနစ်အတွင်းမှာရှိသည့် ကုန်သေတ္တာ 33 to  6.6 KV, 20 MVA ခွဲရုံ၊ လိပ်ကန်ခွဲရုံ 33 to 6.6 KV, 10 MVA ၊ ၄၁ လမ်းခွဲရုံ 33 to 6.6 KV, 10 MVA၊ ဆိပ်ကမ်းသာလမ်း 33 to 6.6 KV, 10 MVA ခွဲရုံ၊ မီးရထား 33 to 6.6 KV, 10 MVA ခွဲရုံနှင့် မီးရထား GIS Gas Insulated Swichgear ဓာတ်အားခွဲရုံများမှ  6.6 KV ဓာတ်အား ပို့လွှတ်ထားရှိပြီး၊ ကျောက်တံတားမြို့နယ်၏ သုံးစွဲမှုဝန်အား ၁၆ မဂ္ဂါဝပ်ခန့်သာ ပို့လွှတ်ဖြန့်ဖြူးပေးနေပါကြောင်း၊ ဓာတ်အားခွဲရုံများမှ လက်ခံရရှိသည့် လျှပ်စစ်ဓာတ်အားကို ကျောက်တံတားမြို့နယ်အတွင်း ဌာနဆိုင်ရာ ထရန်စဖော်မာ ၁၄ လုံး၊ ပုဂ္ဂလိကပိုင် ထရန်စဖော်မာ ၈၇ လုံး၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ပိုင် ထရန်စဖော်မာ ၃၆ လုံး စုစုပေါင်း ၁၃၇ လုံးဖြင့် မီးသုံးသူ အိမ်ထောင်စု ဦးရေ ၁၃၃၄၄ ဦးအား ဓာတ်အားဖြန့်ဖြူးထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တံတားမြို့နယ်အတွင်းရှိ ထရန်စဖော်မာဝန်အားသည် မြို့နယ်အတွင်းသို့ နိုင်နင်းစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပါကြောင်း၊

၂၀၁၆ခုနှစ်မေလဆန်းပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် မြန်မာပြည်အထက်ပိုင်း လေပြင်း ကျခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်သည့်အတွက်ကြောင့် ဓာတ်အားစနစ်အတွင်းရှိ မဟာ ဓာတ်အားလိုင်း တိုင်များကျိုးကျပျက်စီးခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်းများကြောင့် System Breakdown ဓာတ်အားစနစ်တစ်ခုလုံး ယာယီပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဓာတ်အားပေး လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းနောက် လက်ရှိတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးလျက်ရှိသည့် 6.6 KV, 400 V ကောင်းကင်လိုင်းနှင့် မြေအောက်ကြိုးများ  ပြုပြင်ခြင်းနှင့် မူလဓာတ်အားလိုင်းများ အသစ်ပြုပြင် တည်ဆောက်ရာတွင် ယာယီဓာတ်အားပိတ် ဆောင်ရွက်ရခြင်းကြောင့် ယင်းနေရာတစ်ဝိုက် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်း၊ ယခုလို ဓာတ်အားပြတ်တောက်မည်ဆိုပါက FM ရေဒီယို၊ သတင်းစာ၊ YESC Call Center များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါကြောင်း၊ ကျောက်တံတားမြို့နယ်ကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကိုယ်စားဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အာကာစိုးကုမ္ပဏီလီမိတက်ကို Franchised လုပ်ကိုင်ခွင့် ၁-၅-၂၀၁၅ မှစတင်ပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Franchised လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ တာဝန်မှာ ပြည်သူများကို ဝန်ဆောင်မှုကောင်းစွာနှင့် ဗို့အားပြည့်ဝစွာ ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေး၊ 11 KV သို့မဟုတ် 6.6 KV ဗို့အားအဆင့်အောက် ဓာတ်အားစနစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဌာနကိုယ်စား Franchised ကုမ္မဏီများသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သည့်အခါ ချုပ်ဆိုရမည့် ပဋိညာဉ်စာချုပ်များကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အတိုင်ပင်ခံ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုထားသည့် ပဋိညာဉ်စာချုပ်ပုံစံအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစာချုပ်အရ Franchised ကုမ္ပဏီများမှ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည့် လုပ်ငန်းများအနက် အဓိကအချက် အနေဖြင့် နှစ်စဉ်ငါးနှစ် စီမံကိန်းများရေးဆွဲပြီး ရင်းနှီးမြှုပ်နှံခြင်း၊ ဓာတ်အားသုံးစွဲမှု ဝန်အားတိုးတက်လာခြင်းကို အချိန်မီပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ပါက အမြန်ဆုံးဓာတ်အား ပို့လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက (သို့မဟုတ်) သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်နိုင်ခြင်းမရှိပါက စာချုပ်ရပ်စဲမည်ဖြစ်ပြီး စာချုပ်ရပ်စဲသည့်အခါ ဆောင်ရွက်ဆဲ လုပ်ငန်းတစ်ရပ်လုံးကို အဖိုးစားနားရယူခြင်းမပြုဘဲ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) သို့ အပြီးအပိုင် လွှဲပြောင်းပေးရန်ဆိုပြီး တိကျစွာဖော်ပြထားပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။