မေးခွန်း အကြောင်းအရာ
ကချင်ပြည်နယ်၊ မံစီမြို့နယ်သည် ၁၉၇၃ ခုနှစ်ကနေစပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ပြန်တမ်းအရ ရပ်ကွက် လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၄၀၊ ကျေးရွာပေါင်း ၂၃၄ ရွာနှင့် မြို့တစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့ပြီး ၁၉၉၉ ခုနှစ်အရောက်တွင် သစ်တောရေးရာဝန်ကြီးဌာန မံစီမြို့နယ်၊ မြို့ပေါ် ၄ ရပ်ကွက်နှင့် သစ်တောကြိုးဝိုင်းဧရိယာ ကျန်တစ်မြို့နယ်လုံးရှိ ကျေးရွာမြေများ၊ စိုက်ပျိုးမြေများ၊ မြေလွတ်/မြေရိုင်းများကို သစ်တောဥပဒေနှင့် သစ်တောကြိုးပြင် ကာကွယ်ဧရိယာဖြင့် သတ်မှတ်ခြင်း ခံခဲ့ရပါကြောင်း၊ မံစီမြို့နယ်၏ ဧရိယာအကျယ်အဝန်းသည် ၇၂၉၇၀၉ ဧကရှိပြီး ကြိုးပြင်တောကာကွယ်ရေး ဧရိယာ ၆၂၁၃၁၈ ဧကအထိ သတ်မှတ်ထားသည့် အတွက်ကြောင့် လွတ်ကင်းဧရိယာဆိုလျှင် ၁၀၃၃၉၁ ဧက ကျန်သည့်အတွက်ကြောင့် ကျေးရွာ/မြို့ပြ တိုးချဲ့စီမံကိန်းများ ဆောင်ရွက်သည့် နေရာတွင် အခက်အခဲရှိ လာနိုင်ပါကြောင်း၊ ပြည်ထဲရေး အမည်ပေါက် ကျေးရွာအုပ်စု ၃၅ အုပ်စုနှင့် ကျေးရွာပေါင်း ၂၁၁ ရွာသည်လည်း ခုချိန်ထိ ကြိုးဝိုင်းတော/ကြိုးပြင်ကာကွယ်တောထဲတွင် ကျရောက်နေဆဲ ဖြစ်သည့်အတွက် ကျွန်းသစ်၊ အခြားအဖိုးတန် ပစ္စည်းများ ပေါက်ရောက်ထွက်ရှိခြင်း မရှိတော့ပါကြောင်း၊ ယခုလို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်နေသည့် အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်သည့် နေရာတွင်လည်းများစွာ အခက်အခဲရှိနေပါကြောင်း၊ လတ်တလောအခြေအနေတွင် မိမိတို့ မံစီမြို့နယ်၊ မိုင်းခေါင်ဒေသ ဘက်တွင် ဒေသလုံခြုံရေးကို အကြောင်းပြုပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ကန့်သတ်ခံနေရပါကြောင်း၊ သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာများ များပြားနေခြင်းကြောင့် ဒေသခံပြည်သူများ လယ်ယာလုပ်ပိုင်ခွင့်များ များစွာဆုံးရှုံးနေရပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စိုက်ပျိုးမြေများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်နှင့် လယ်ယာမြေလက်မှတ်၊ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိရေးတို့နှင့် စိုက်ပျိုးရေးစရိတ် ချေးငွေရရှိရေးတို့မှာ လတ်တလောတွင် အရေးတကြီးလိုအပ်လျက် ရှိနေပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်လျက်ရှိသော ကျေးရွာမြေများ၊ ကျေးရွာများနှင့် သစ်တောဧရိယာများအား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လူဦးရေတိုးတက် လာသည်နှင့်အမျှ လူနေအိမ်များ တိုးချဲ့ဆောက်လုပ်နိုင်ရန်အတွက်၊ စိုက်ပျိုးမြေများတိုးချဲ့ လုပ်ကိုင်နိုင်ရန်အတွက် ကြိုးပြင်ကာကွယ်တော ဧရိယာများ လျှော့ချပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် သစ်တောများမှ တိုက်ရိုက်နှင့် သွယ်ဝိုက်၍ ရရှိလာသည့် အကျိုးစီးပွားများကို လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားများ စဉ်ဆက်မပြတ် ခံစားနိုင်စေရေးအတွက် သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့နိုင်စေရန် ရည်မှန်းပြီး မြန်မာ့သစ်တောများကို စီမံအုပ်ချုပ် လုပ်ကိုင်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ရန်နေရာကို သစ်တော ဦးစီးဌာနမှ ခရိုင်အလိုက် သစ်တောစီမံ အုပ်ချုပ်မှုလုပ်ငန်း စီမံကိန်းများကို ၁၀ နှစ်ကာလ ပိုင်းခြားပြီး ရေးဆွဲဆောင်ရွက်ပြီး နှစ်စဉ်ခွင့်ပြုနိုင်သည့် တောထွက်ကဒ်ကိုလည်း တွက်ချက်စီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဖွဲ့စည်းခြင်းကို နိုင်ငံတော်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ (PAS) ကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ သစ်တောနယ်မြေ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီး သစ်တောများရေရှည် တည်တံ့စေရန်အတွက် စီမံအုပ်ချုပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊
ပြည်သူတို့၏ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် တည်တံ့ကောင်းမွန်စေရေးနှင့် သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ အခြေခံလို အပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ မြို့ပြကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုစီးပွားဖ့ွံဖြိုး တိုးတက်ရေးတို့အတွက် ထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၃(၁)/၇/သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချ နေထိုင်သည့် ရွာစု၊ အိမ်စုများကို ဌာနဆိုင်ရာပါဝင်သည့် အဖွဲ့အစည်းများနှင့် စာရင်းကောက်ယူပြီး ကျေးရွာသစ်များ ပြန်လည်ဖွဲ့စည်း နေရာချထားပေးနိုင်ရေးအတွက် စီမံချက်များရေးဆွဲပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြေပြင်အချက်အလက်စာရင်းများ ကောက်ယူခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်များ ပြည်နယ်ကြီးကြပ်မှု ကော်မတီအဖွဲ့အစည်းများနှင့် ၂၀-၂-၂၀၁၃ ရက်နေ့မှ ၂၅-၃-၂၀၁၃ ရက်နေ့အထိ မြေပြင်တွင်ကွင်းဆင်းပြီး ကိန်းဂဏန်းများ၊ စာရင်းဇယားများ၊ မှတ်တမ်းများ၊ အဖွဲ့စုံနှင့် စာရင်းကောက်ယူ ပြုစုသည့်နေရာတွင် ရရှိသည့်စာရင်းများအရ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ပယ်ဖျက်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း-
(က) အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည်ပေါက် ရွာများ၏ရွာမြေ၊ လယ်မြေ၊ သာသနာ/အများ ပိုင်မြေများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း၊
(ခ) အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်မပေါက်သည့် ကျေးရွာများကို အထက်ပါအတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောနယ်မြေများမှ ပယ်ဖျက်ခြင်း၊
(ဂ) အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက် ကျေးရွာများနှင့် အမည် မပေါက်သော်လည်း အခိုင်အမာ တည်ထောင်ထားပြီးဖြစ်သည့် ကျေးရွာများကို အထက်ပါ လုပ်ထုံးလုပ်နည်းအတိုင်း သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်း၊
(ဃ) အိမ်ခြေ ၅၀ အောက် ပြန့်ကျဲအိမ်စုများနှင့် ပြည်ပမှကျူးကျော်သည့် ရွာများ၊ ရွာမြေ၊ လယ်မြေများကို ဆက်လက်စိစစ်ပြီး ဖွဲ့စည်းနေရာချထားပေးခြင်းနှင့် သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် ရန်ရှိပါကြောင်း၊
ယခုလိုဆောင်ရွက်သည့်နေရာတွင် ၅၀၈၀၄၇.၆၉ သစ်တောမြေ အဖြစ်မှလည်းကောင်း၊ ယာမြေ ၇၁၇၇၃.၀၂ ဧကကို သစ်တောမြေမှ ပယ်ဖျက်ခြင်းမပြုဘဲ သီးနှံသစ်တော ရောနှောစိုက်ပျိုးသည့် စနစ်ကိုအခြေခံပြီး ဒေသခံပြည်သူအများစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို ခွင့်ပြုလျက်ရှိပါကြောင်း၊
ကချင်ပြည်နယ်မှာရှိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလအတန်ကြာ အခြေချ နေထိုင်လျက်ရှိသည့် ကျေးရွာများ၊ ရွာစု၊ အိမ်စုများနှင့် ကျုးကျော် လယ်၊ ယာ၊ ဥယျဉ်ခြံမြေ၊ ရွာမြေ၊ သာသနာ၊ အများပိုင်မြေများ စာရင်းကောက်ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များနည်းတူ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစည်းပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင်လည်း စာရင်းကောက်ယူသည့် နေရာတွင် လုံခြုံရေး အကန့်အသတ်များကြောင့် စာရင်းကောက်ယူရာတွင် အခက်အခဲရှိပြီး ဆက်လက်ကောက်ယူခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းတွင် စုစုပေါင်း ကျေးရွာ ၂၄ ရွာ၏ ရွာမြေ ၇၈၀.၉၅ ဧက၊ လယ်မြေ ၁၆၇၂.၆၄ ဧက၊ သာသနာ/အများပိုင်မြေ ၃၁၄.၇၄ ဧက စုစုပေါင်း ၂၇၆၈.၃၃ ဧကကို ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်ယူရသည့် ယာမြေ ၅၇၇၅.၆၃ ဧကအနက် ၅၉၀.၅ ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း လုပ်ငန်းစဉ်နှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းတို့ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ယာမြေများကိုလည်း ဆက်လက်ခွင့်ပြုသွားမည် ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း သစ်တောကြိုးဝိုင်း ၁၀ ခု၊ ကြိုးပြင်ကာကွယ်တော ၉ ခုနှင့် အားလုံးစုစုပေါင်း ဧရိယာအားဖြင့် ၄၅၉၆၅၂ နယ်မြေလုံခြုံရေးလည်း ကောင်းမွန်မှုမရှိသည့်အတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လများအတွင်း သစ်တောမြေကျူးကျော်မှုကို မြို့နယ်အတွင်း နေရာအားလုံးတွင် ကောက်ယူနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ မံစီမြို့နယ်အတွင်းရှိ လုံဂျာကြိုးဝိုင်း၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ကောက်ရာ ရပ်ကွက်မြေ ၂.၇၁ ဧက၊ ပြင်ဦးလွင်ရပ်ကွက်မြေ ၇.၁၅ ဧကနှင့် သာသနာပိုင်/အများပိုင်မြေ ၁၈.၀၄ ဧက စုစုပေါင်း ၂၇.၉ ဧကကို သစ်တောမြေမှ ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံမှုအခြေအနေ ကောင်းမွန် လာပါက ဌာနပေါင်းစုံအဖွဲ့အစည်းများနှင့် စာရင်းကောက်ယူပြီး အခြားတိုင်းဒေသကြီး/ ပြည်နယ်များကဲ့သို့ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်အတန်ကြာ ကျုးကျော်နေထိုင်လျက်ရှိသည့် ကျေးရွာများမှ လယ်၊ ရွာမြေ၊ သာသနာပိုင်/အများပိုင်မြေများကို သစ်တောမြေအဖြစ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပယ်ဖျက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
