မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် စိုက်ပျိုရေးလုပ်ကိုင်ကြသော တောင်သူဦးကြီးများအား နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးမြှင့်တင်ပေး ရန် ပြည်သူက ရွေးချယ်တင်မြောက်လိုက်သော အစိုးရမှာ များစွာတာဝန်ရှိနေပါကြောင်း။ ထို့ကြောင့် ယခင်နှစ်များက စိုက်ပျိုးစရိတ် ချေးငွေအဖြစ် စပါးစိုက်တောင်သူများနှင့် ချက်ကြံစိုက်တောင်သူများအား တစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းနှင့် ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဝါစိုက်တောင်သူများအား တစ်ဧကလျှင် ၂၀၀၀၀ နှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးခဲ့ပါကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် မိုးစပါးစိုက်တောင်သူများအား တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု သိရှိရသည့်အတွက် တောင်သူဦးကြီးများမှာ ဝမ်းသာပီတိ ဖြစ်နေကြပါကြောင်း၊ သို့သော်လည်း ယာစိုက်တောင်သူများမှာ မျိုးတန်ဖိုး၊ သွင်းအားစု၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းထိုးခနှင့် ရိတ်သိမ်းခတို့ကို ပေါင်းစပ်လိုက်လျှင် ၁၈၅၀၀၀ ကျပ်နှင့် နွားထွန်ငှားခ ၃၅၀၀၀ စုစုပေါင်း တစ်ဧကကုန်ကျစရိတ်မှာ ၂၂၀၀၀၀ နှုန်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ယာစိုက်တောင်သူများအား ထုတ်ချေးပေးသော ပမာဏနှင့် အမှန်တကယ်ကုန်ကျသော ပမာဏတို့မှာ များစွာကွာခြားလွန်းသောကြောင့် ယာစိုက်တောင်သူများ၏ တင်ပြချက်အရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယာစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြင့် ထုတ်ချေးပေးနိုင်ခြင်း မရှိသေးက မည်သည့်အတွက်ကြောင့် မပေးနိုင်သည်နှင့် တိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်ရှိပါက မည်သည့်ရာသီချိန်မှစ၍ မည်သည့်နှုန်းထားဖြင့် တိုးမြှင့်ထုတ်ချေး ပေးသွားမည်ကို မေးခွန်းမေးမြန်းပါသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း တောင်သူလယ်သမားများသို့ ထုတ်ချေးပေးရန် စပါးသီးနှံ တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းအတွက် ကျပ်သန်းပေါင်း ၁.၆၄ သန်း၊ အခြားသီးနှံအတွက် ကျပ်သန်း ၁၁၀၀၀၀ ၊ ချက်ကြံအတွက် ကျပ်သန်းပေါင်း ၁၅၀၀၀ စုစုပေါင်းကျပ်သန်းပေါင်း ၁.၈ သန်းခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်နှင့်ဗဟိုဘဏ်တို့တွင် ယခုနှစ်အတွက် ကျပ်သန်း ၁.၇ သန်း ချေးယူခွင့်ရရှိခဲ့ပါကြောင်း၊ ယခင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ စပြီး တောင်သူ လယ်သမားများသို့ ထုတ်ချေးပေးရန် ကျပ်သန်း ၁.၂ သန်း အား လိုအပ်ခဲ့သော်လည်း ယခုနှစ် စပါးသီးနှံတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် တိုးမြှင့်ထုတ်ချေး ပေးနိုင်ရေးအတွက် ကျပ်သန်း ၅၇၆၀၆၃ ပိုမိုချေးယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ယခုလိုထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လိုအပ်သော ရန်ပုံငွေကို မြန်မာ့စီးပွားရေး ဘဏ်နှင့်ဗဟိုဘဏ်တို့၏ သတ်မှတ်အတိုးဖြင့် ချေးယူရပြီး ချေးယူခွင့်ရရှိသည့် ငွေပမာဏ အပေါ် မူတည်ပြီး နိုင်ငံတော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် စပါးသီးနှံအတွက် ဦးစားပေးထုတ်ချေးပေးခြင်းသာဖြစ်ပြီး ကျန်သီးနှံများအတွက် ရရှိချေးငွေ ထုတ်ချေးပေးနိုင်ရန် လုံလောက်မှုမရှိသဖြင့် လောလော ဆယ် ထုတ်ချေး ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိသိရှိလိုသည်မှာ ယခုနှစ်မိုးရာသီ အချိန်မီ ယာသမားများအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးတိုးမြှင့်ပေးရန် အစီအစဉ်မရှိသော်လည်း မည်သည့်ရာသီချိန်တွင် တိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
မိမိတို့ နိုင်ငံ၏အစိုးရသစ်တွင် ပြီးခဲ့သည့်နှစ် ၁၀၀၀၀၀ ချေးပြီး ယခုနှစ်တွင် ၁၅၀၀၀၀ နှင့် ၅၀၀၀၀ ထပ်ပြီး တိုးချေးခဲ့ပါကြောင်း၊ ချေးသည့်ဧရိယာမှာ စိုက်ဧက ၁၆ သန်းရှိသည့် ဆန်စပါးကို အဓိကစိုက်ပျိုးသည့် လယ်သမားများကို ဦးစားပေးချေးရသည့်အတွက် ယခုဘတ်ဂျက်မှာ မလုံလောက်သည့်အတွက် မိမိတို့ ထပ်မံပြီး မြန်မာ့စီးပွားရေးဘဏ်မှ အတိုးနှုန်းသက်သက်ချေးယူပြီး တောင်သူများကို အဆင်ပြေအောင် ဦးစားပေး အစီအစဉ်ဖြင့် တတ်နိုင်သည့်ငွေကြေးကို အရေးကြီးသီးနှံဖြစ်သည့် စပါးနှင့်ကြံမှာ ချေးသည့်အတွက် ကြံသီးနှံဖြစ်သည့် ပဲသီးနှံနှင့်ပတ်သက်၍ လောလောဆယ်တွင် အခြေအနေမရှိပါကြောင်း၊ သို့သော်လည်း လာမယ့်အခါတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးလာသည့်အခါ နိုင်ငံ၏ထုတ်ကုန်များ တိုးတက်လာသည့် စီးပွားရေးနှင့် အညီ ပဲမျိုးစုံနှင့်ပတ်သက်သည့် သီးနှံများလည်း ဧကအားဖြင့် တစ်သန်းခွဲကျော်ကျော် ရှိပါကြောင်း၊ ပဲမျိုးစုံသီးနှံကလည်း မိမိတို့၏ဒုတိယစပါး နိုင်ငံ၏ဝင်ငွေရှာသည့် သီးနှံဖြစ်သည့်အတွက် ဆက်လက်ဦးစားပေး အစီအစဉ်တွင် စပါးနှင့်ကြံကို ဒုတိယဦးစားပေး အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
