မေးခွန်း အကြောင်းအရာ
ဒီကြပ်စင်မြစ်ကူး တံတားသည် အရှည်အားဖြင့် အလျား ၁၃၈၀ ပေရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစပြီး ခွင့်ပြုငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမနှစ်တွင် မိမိတို့ ဘဏ္ဍာခွင့်ပြုငွေမှ ၄၉၂.၅ သန်း၊ ဒုတိယနှစ် ၂၀၁၅-၁၆ တွင် ၉၃၈.၅၉၁ သန်းကို ခွင့်ပြုပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတားတစ်ခုလုံ၏ တန်ဖိုးလျာထားချက်မှာ ပင်မတံတားကို မိမိတို့ ၁၀ ဘီလီယံခန့် ကုန်ကမည်ဖြစ်ပြီး ချဉ်းကပ်တံတားသည် ၁.၅ ဘီလီယံ စုစုပေါင်း ၁၂ ဘီလီယံလောက် ကုန်ကျမည်ဟု ခန့်မှန်တွက်ချက်ထားတယ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအားဖြင့် တစ်ခုလုံး၏ ၁၇ ရာခိုင်နှုန်းခန့်သည် ပြီးစီးနေပြီဖြစ်ပါကြောင်း ၂၀၁၆-၁၇ တွင် မိမိတို့ သန်း ၅၀၀ ဆက်ပြီး ခွင့်ပြုထားသည်ကိုလည်း သိရှိရပါကြောင်း၊
မြေပုံမြို့အတွက် အခြားမြို့များနှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းပေါ်တွင်ရှိသည့် တံတားဖြစ်ပါကြောင်း၊ ယခုလိုအချိန်ကြန့်ကြာနေသည့် အတွက်လည်း သွားရေးလာရေး အခက်အခဲကြန့်ကြာမှုများနှင့် ဒေသခံပြည်သူများသည် တံတားကြီးပေါ်တွင် ယခုလို အချိန်ကြာမြှင့်စွာ တည်ဆောက်နေသည့်အပေါ် စိုးရိမ်ပူပန်မှုများရှိနေပါကြောင်း၊ (မင်းပြား-မြေပုံ) လမ်းအား ကတ္တရာလမ်းခင်းမည့် အစီအစဉ်ရှိ/မရှိ၊ ကြပ်စင်မြစ်ကူးတံတား တည်ဆောက်မည့်အစီအစဉ် ပြီးဆုံးနိုင်မည့် ခုနှစ်ကို သိရှိလိုပါကြောင်း၊ နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်နေရခြင်း၏ အကြောင်းအရင်းကို သိရှိလိုပါကြောင်း၊ တံတားပြီး မြောက်ရေးအတွက်လာမည့် ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုချက်ငွေကို တိုးချဲ့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြေပုံ-မင်းပြားလမ်းသည် ၂၄ မိုင် ၇ ဖာလုံရှည်လျားပြီး ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ၃၁-၃-၂၀၁၆ ခုနှစ်တွင် ကတ္တရာလမ်းအဆင့် ၃ မိုင် ၅ ဖာလုံ၊ ကျောက်လမ်းအဆင့် ၂၁ မိုင် ၂ ဖာလုံ စုစုပေါင်း ၂၄ မိုင် ၇ ဖာလုံဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၅၈၁.၆၉၅ သန်း ခွဲဝေရရှိပြီး ကတ္တရာလမ်းခင်းခြင်း ၂ မိုင် ၆ ဖာလုံ၊ ဗြုံးကျောက် ၁၀ လက်မထုခင်းခြင်း ၄ မိုင် ၇ ဖာလုံ၊ မြေသားတာပေါင်တင်ခြင်း ၁ မိုင် ၅ ဖာလုံ၊ တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း ၃၁ စင်း၊ သစ်သားတံတား ကြမ်းခင်းလဲလှယ်ခြင်း သုံးစင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကုန်တွင် ကတ္တရာလမ်းအဆင့် ၆ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းအဆင့် ၁၈ မိုင် ၄ ဖာလုံရရှိသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျောက်လမ်းပိုင်းများအား ကတ္တရာလမ်းအဆင့် ရောက်ရှိစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ကြပ်စင်မြစ်ကူးတံတားကို ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် မြေပုံ-မင်းပြားလမ်း မိုင်တိုင်အမှတ် (၂၂/၄)နှင့် (၂၃/၁)ကြား တည်ရှိပြီး အရှည်မှာ ၁၉၂၀ ပေရှိသည့် တံတားကြီးလည်းဖြစ်ပါကြောင်း၊ သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်နှင့် သံပေါင်တံတား အမျိုးအစားဖြစ်ပြီး စီမံကိန်းခန့်မှန်း တန်ဖိုးမှာ ကျပ် ၁၀၄၀၀ သန်းဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်နယ်တွင် ရန်ပုံငွေရရှိမှု ကျပ်သန်း စုစုပေါင်းကျပ် ၁၉၃၄.၁၈၇ သန်းရရှိပြီးဖြစ်ပါကြောင်း၊
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ရရှိတဲ့ရန်ပုံငွေ ၁၄၃၄.၁၈၇ သန်းဖြင့် အောက်ခြေ အုတ်မြစ်လုပ်ငန်းတွင် ဘိုးပိုင် ၁၃၂ လုံး ရှိသည့်အနက် ၄၈ လုံး၊ တံတားတိုင် ၁၉ တိုင်ရှိသည့်အနက် သုံးတိုင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တစ်စင်းလုံး၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၂၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊
၂၀၁၆-၁၇ ပြည်နယ်ရန်ပုံငွေကျပ် သန်း ၅၀၀ ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ မင်းပြားဘက်ကမ်းရှိ ပင်မတံတား ရေလည်တိုင် RP3 ၏ Cap and Shaft လုပ်ငန်း၊ ရေလည်တိုင် RP2 ၏ ဘိုးပိုင် ၁၂ လုံး တူးခြင်းလုပ်ငန်းများ၊ မင်းပြားဘက်ကမ်း ကမ်းကပ်ခုံ A2 Cap and Shaft လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် တစ်ခုလုံးအတွက် လမ်းနှင့်တံတား ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၅၅၀၈.၁၂ သန်းသရရှိခဲ့ပါကြောင်း၊ ကြပ်စင်တံတား ပြီးစီးသည်အထိ ထပ်မံလိုအပ်ရန်ပုံငွေမှာ ကျပ် ၈၄၆၅.၈၁၃ သန်းကျန်ရှိခဲ့ရာ ကာလတိုအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးရန်အတွက် နှစ်စဉ်ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေလုံလောက်စွာရရှိပါက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
