မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့သည် မန္တလေး-မြစ်ကြီးနား မဟာဗျူဟာလမ်းမပေါ်တွင် တည်ရှိပြီးမြောက်ဘက် မြစ်ကြီးနားမြို့၊ တောင်ဘက် မန္တလေးမြို့သို့လည်းကောင်း၊ ရွှေဘို-ရေဦးလမ်းမှတစ်ဆင့် မုံရွာ-ရာကြီး-ကလေးဝလမ်း၊ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံထိလည်းကောင်း၊ ထို့အပြင် ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဟမှ တစ်ဆင့်လည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နှင့် အခြားမြို့နယ်များသို့လည်း ဆက်သွယ်သွားလာ နိုင်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျပါသောကြောင့် နေ့စဉ်နှင့် အမျှ ရွှေဘိုမြို့ကို ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်အရေအတွက် မှာလည်းများပြား ပါကြောင်း၊ ရွှေဘိုတွင် မြို့ရှောင်ကွင်း လမ်းမရှိခြင်းကြောင့် အဝေးပြေးခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆီတင်ယာဉ်များ၊ သစ်လုံးတင်ယာဉ်များ စသည်ဖြင့် ယာဉ်အမျိုးမျိုးတို့သည် မြို့ကိုဖြတ်သန်းရာတွင် တစ်ခုတည်းသော မြို့တွင်း ဖြတ်လမ်းဖြစ်သည့် လမ်းမတော်ကို အသုံးပြုပြီး သွားလာနေရပါကြောင်း၊ ထို့အပြင် မြို့နယ်အတွင်းရှိသည့် ကျေးရွာပေါင်း ၁၆၈ ရွာမှ ကားများ၊ ဆိုင်ကယ်များသည်လည်း မြို့ကိုဝင်/ထွက် သွားလာလျက်ရှိရာ ယာဉ်ကြောများ ရှုပ်ထွေးပြီး ယာဉ်အန္တရာယ်များ၊ ယာဉ်မတော်တဆမှုများသည် မကြာခဏဆို သလို ဖြစ်ပွားလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ မြို့နယ်အတွင်းရှိ ပြည်သူလူထုတို့ ဘေးဘရာဝေးကွာစွာဖြင့် စိတ်အေးချမ်းသာ သွားလာနိုင်ကြစေရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့ကိုယ်စား ကျွန်မအနေနဲ့ မေးမြန်းလို သည်မှာ ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်း လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်နှစ် အပိုင်းအခြားတွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့သည် ယခုအခါ လူဦးရေထူထပ်များပြားလာပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ ရွှေဘိုမြို့အတွင်း ယာဉ်များဝင်/ထွက် သွားလာမှုများပြားလာသည့် အတွက် ရွှေဘို မြို့ရှောင်လမ်းဖောက် လုပ်ရန် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ခေါင်းဆောင်ပြီး ရွှေဘိုမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ရွှေဘိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဥက္ကဋ္ဌ၊ ဦးစီးအရာရှိ (မြို့ပြ) လမ်းဦးစီးဌာန ရွှေဘိုမြို့နယ်၊ ဦးစီးအရာရှိ (မြို့ပြ) ဆည်မြောင်းဦးစီးဌာနတို့မှ ရွှေဘိုမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးတို့မှ အဖွဲ့ဝင်များအဖြစ်ပါဝင် သည့် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြပါကြောင်း၊
ကွင်းဆင်းတိုင်းတာရေးအဖွဲ့မှ ၁၂-၅-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ရာ လမ်းအူကြောင်း သတ်မှတ်မှုအနေဖြင့် ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးဆိုပြီး ရွေးချယ်သတ်မှတ်ခဲ့ပါကြောင်း၊ ပထမဦးစားပေး လမ်းကြောင်းမှာ မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းပိုင်း (၆၈/ဝ) ရွှေဘိုမြို့အဝင်မှ အရှေ့ဘက်တစ်လျှောက် ဖြတ်သန်း၍ ရွှေဘို-ကျောက်မြောင်းလမ်းကို ဖောက်လုပ်ရန်ဖြစ်ပြီး ပျမ်းမျှ ၃.၁၉ မိုင်ရှည်လျားပါကြောင်း၊ ဒုတိယဦးစားပေး လမ်းကြောင်းမှာ မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းပိုင်း(၆၉/၂) မှ (၆၂/၃) ကြားတွင် ရှိသည့် ရွှေဘိုမြို့အဝင် မုဆိုးခြုံတူးမြောင်းတစ်လျှောက် အရှေ့ဘက်သို့ တစ်မိုင်ခန့်အကွာမှ ဦးစားပေးလမ်းကြောင်း အတိုင်းဖြတ်သန်းပြီး ရွှေဘို-ကျောက်မြောင်းလမ်းပေါ်သို့ ဖောက်လုပ် ရန်ဖြစ်ပြီး ပျမ်းမျှ ၂.၈၄ မိုင် ရှည်လျားပါကြောင်း၊
ယာဉ်သွားလာမှု တိုးတက်များပြားလာသည့်အတွက် ရွှေဘိုမြို့နှင့်အလားတူ သထုံ၊ ဖြူး၊ ညောင်လေးပင်၊ မိတ္ထီလာ၊ ကျိုင်းထုံ၊ လားရှိုးစသည့် မြို့ကြီးများမှာလည်း မြို့ရှောင်လမ်းများဆောင်ရွက်ရန် တင်ပြအဆိုပြုထား သည်ကိုလည်း တွေ့ရ မည်ဖြစ်ပါကြောင်း၊ ယာဉ်သွားလာမှုနှုန်း တစ်နေ့လျှင် အစီး ၂၀၀၀ နှင့် အထက်ရှိသည့်မြို့များကို ဦးစားပေး အစီအစဉ်နှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရွှေဘိုမြို့ရှောင်လမ်း ဆောင်ရွက်ရန်အတွက် ရွေးချယ်သတ်မှတ်ထားသည့် လမ်းအူကြောင်းများကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန (ရုံးချုပ်) မှ ကျွမ်းကျင်သည့် လမ်းဒီဇိုင်းနှင့် ပုံထုတ်အဖွဲ့များ စေလွှတ်ပြီးမြေပြင်တွင် အသေးစိတ်ပြန်လည် တိုင်းတာသွားမည် ဖြစ်ပါကြောင်း၊ တိုင်းတာမှုအရ အားသာချက်များ၊ အားနည်းချက်များကို စိစစ်ပြီး သင့်လျှော်သည့် လမ်းအူကြောင်းကို ပြန်လည်ရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
