မေးခွန်း အကြောင်းအရာ
သာစည်မြို့နယ်၏ တောင်ဘက်ညောင်ရမ်းတိုက်နယ်တွင် ကျေးရွာပေါင်း ၇၁ ရွာရှိပြီး အဆိုပါကျေးရွာတွင် ကျေးလက်နေ ပြည်သူများသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများတွင် သာစည်-ညောင်ရမ်း ဆက်သွယ် ထားသော ကျောက်ချောလမ်း အား အဓိကထား၍ အသုံးပြုသွားလာပါကြောင်း၊ သို့သော် သာစည်-ညောင်ရမ်း လမ်းမကြီးသည် ၂၀၁၂ ခုနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်ပြုပြင် ခဲ့သော်လည်း နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ကြောင့် မိုးရေတိုက်စားခြင်း၊ နေ့ည မရွေး ကား၊ ထော်လာဂျီ၊ ဆိုင်ကယ် အမြောက်အမြားသွားလာခြင်းတို့ကြောင့် ပျက်စီးလျက်ရှိပါသည်။ သာစည်-ညောင်ရမ်း ကျောက်ချောလမ်းမကြီးကို ကတ္တရာလမ်အဖြစ်ဆောင်ရွက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်သည့် အတွက် ညောင်ရမ်းတိုက်နယ် အတွင်းရှိ ကျေးရွာများအတွက် ယခင်ကထက်အဆင်ပြေစွာ သွားလာနိုင် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်-ညောင်ရမ်း ဆက်သွယ်ထားသော ကျောက်ချောလမ်းမကြီးအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဖောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်-ညောင်ရမ်းလမ်းသည် အရှည် ၈ မိုင် ကျောက်ချော လမ်းဖြစ်ပြီး ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၂၃၁၆၊ လူဦးရေ ၁၁၄၃၃ ဦးတို့အား အကျိုးပြုပါကြောင်း၊ အဆိုပါ လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ခြင်းတို့နှင့် Bo x Culvert ၅ စင်း ဆောင်ရွက်ပါက စုစုပေါင်းကုန်ကျစရိတ်ငွေ ၅၂၉.၅၄ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဘတ်ဂျက်လျာထား ဆောင်ရွက်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးများ အတွင်းရှိ လူဦးရေအချိုးအစားများအရ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အားလုံးကို လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်များအား မြို့နယ်/ခရိုင်/ ပြည်နယ်/တိုင်း ဒေသကြီးများမှ တစ်ဆင့် ထောက်ခံတင်ပြလာမှုများအပေါ် ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်လျာထား ပေးပါကြောင်း၊
မန္တလေးတိုင်းဒေသကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရန်ပုံငွေခွင့်ပြုချက် ရန်ပုံငွေသန်းဖြင့် ကတ္တရာလမ်း ၇ မိုင်၊ ကျောက်ချောလမ်း ၈၀ မိုင် ၄ ဖာလုံ၊ မြေနီလမ်း ၄၃ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၆၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်းတံတား ၇၆၂ ပေ၊ သစ်သားလမ်းတံတား ၁၂၅၈ ပေ၊ ရေပြွန် ၅၇၅ ပေနှင့် ရေကျော် ၄၃၃၅ ပေတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သာစည်မြို့နယ်နှင့် ပတ်သက်ပြီး ရန်ပုံငွေ ၅၅၁.၅၁၃ သန်း ဖြင့် ကျောက်ချောလမ်း ၄ မိုင်၊ မြေနီလမ်း ၁ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၆ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတား ၁၀ ပေ၊ သစ်သားတံတား ၉၆ ပေ၊ ရေကျော် ၂၂၀ ပေနှင့် ရေပြွန် ၃၀ ပေတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှစတင်ပြီး အတိုင်းအတာ ပမာဏ များစွာဆောင်ရွက်ခဲ့သော်လည်း ကျေးလက်ဒေသများ၌ လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ ပြည်နယ်/ မြို့နယ်များမှ အဆင့်ဆင့်တင်ပြလာသော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ရာတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ဒေသကိုယ်စားလှယ်များ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်အမြင်များမှာ မတူကွဲပြားနိုင်ပြီး အမှန်တကယ်လိုအပ်ချက် များလည်း ဖြစ်နိုင်ပါကြောင်း၊ ထို့အပြင် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သူအဖွဲ့ အစည်းများအားလုံး ပါဝင်ဆွေးနွေးရန် ခက်ခဲမည်ဖြစ်သကဲ့သို့ ဦးစားပေးသတ်မှတ်ရန်လည်း ခက်ခဲနိုင်ပါကြောင်း၊ မိမိတို့ အစိုးရ လက်ထက်၌ အဆိုပါအခက်အခဲများအား နည်းနိုင်သမျှနည်းအောင် စီမံကိန်းများရေးဆွဲ၍ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးရွေးချယ်နိုင်ရေးကို တတ်နိုင်သမျှညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ဘောင်အတွင်းတွင်လည်း ဦးစားပေးလုပ်ငန်းများကို လျာထားဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တစ်နှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် ဦးစားပေးအစီအစဉ် အတိုင်း လျာထားဆောင်ရွက် ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊
သာစည်မြို့နယ်၊ သာစည်-ညောင်ရမ်းလမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပါဝင်ခြင်း မရှိပါကြောင်းနှင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ အခြား NGO၊ Donor ဆီမှ အော်ဖာလုပ်ထားခြင်းလည်း ရှိပါကြောင်း၊ ၎င်းအကြောင်းအရာများကို စိစစ်ပြီး အရေးကြီးသည့် နေရာကို Donor ဆီမှ တိုက်ရိုက်ပေးသည့် အကူအညီကို တင်ပြထားသည့် သာစည်-ညောင်ရမ်းလမ်းကိုဆောင်ရွက်ရန် စဉ်းစားသွားမည်ဆိုသည့်အကြောင်းဖြည့်စွက်ရှင်းလင်းဖြေကြားပါသည်။
