မေးခွန်း အကြောင်းအရာ
ယခင်သမ္မတဟောင်း ဦးသိန်းစိန် ၏ ပတ်ဝန်းကျင်ဖွံ့ဖြိုးမှု ထိန်းသိမ်းရေး ဖွံ့ဖြိုးမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၉၂၀ ကို မိုးကုတ်မြို့လယ်ရှိ အင်းကြီးပြုပြင်တည်ဆောက်ရန် လုပ်ငန်းအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား ခွင့်ပြုပေးခဲ့ကြောင်း၊ ၊ ဧပြီလ ၁-၄-၂၀၁၅ ရက်နေ့တွင် လုပ်ငန်းများ စတင်ခဲ့ပြီး ဇူလိုင်လတွင် မိုးများသည့်အတွက် ခေတ္တရပ်နားခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် လုပ်ငန်းများပြန်လည် လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် လုပ်ငန်းအပြီးဆောင်ရွက်ရန် ညွှန်ကြားခဲ့သည့်အတွက် ၎င်း လုပ်ငန်းကို ရှစ်လနှင့် တည်ဆောက်ခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ ရပ်နားပြီး အင်းပြုပြင်ရေး လုပ်ငန်းများ မပြီးဆုံးဘဲ တစ်ပိုင်းတစ်စဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ အင်းကန်ဘောင်ပတ်လည် နေရာများတွင် ကျောက်စည်များကို အင်္ဂတေပိတ်ရန်ကျန်ရှိခြင်း၊ မီးတိုင်များတပ်ဆင်ရန် ကျန်ရှိခြင်း၊ ကန်ပတ်လမ်းပေါ်တွင် ခဲကြမ်းများသာ ခင်းထားသည့်အတွက် သွားလာရခက်ခဲခြင်း၊ အင်းအနောက်ဘက်ခြမ်းတစ်လျှောက် ရေဆိုးနှင့်မိုးရေများ ထုတ်ပစ်ရန် ရေဆိုးထုတ်မြောင်းမရှိသေးခြင်း၊ မြို့ပေါ်မှရေဆိုးများနှင့် မိုးရေများစီးဆင်းကျလာရာ မြောင်းတည့်တည့် အင်းကန်ဘောင်အား အောက်ခြေကွန်ကရစ်မဟုတ်ဘဲ သစ်သားငုတ်ရိုက်၍ ဝါးကတ်များဖြင့် ကာထား ခြင်းစသည့် လုပ်ဆောင်ထားမှုများကိုတွေ့ရှိရပါကြောင်း၊ ထို့အပြင် အင်းကန်ဘောင်ပြုလုပ်ရန်အတွက် အင်းထဲသို့ မြေဖို့ကားများဖြင့် ဝင်ရောက်သည့်အတွက် ကတ္တရာလမ်းများ ပျက်စီးခဲ့ပါကြောင်း၊ ၎င်း ပျက်စီးသည်ကို ဆည်မြောင်းဌာနမှ တာဝန်ယူပြီး ပြုပြင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အထိ ပြုပြင်ပေးခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိုးကုတ်မြို့သည် မိုးရေချိန်လက်မ ၁၀၀ ကျော် ရွာသည့်အတွက် မြို့တံခါးများ အင်းအတွင်းကိုစီးဝင်သည့် ရေဆိုးထုတ်မြောင်းသည် အင်းကန်ဘောင်ကို ရေစီးအားနှင့် တိုက်မိလျှင် အင်းကန်ဘောင်ပျက်စီးနိုင်ပါကြောင်း၊ ထို့ကြောင့် မိုးမကျမီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အင်းပြုပြင်ခြင်းလုပ်ငန်းကို ယခင်သမ္မတဟောင်းဦးသိန်းစိန်၏ ဖွံ့ဖြိုးမှုသီးသန့်ရန်ပုံငွေမှ သုံစွဲခဲ့သော်လည်း ယခုအခါ မည်သည့်ခေါင်းစဉ်၊ မည်သည့်ဌာနဖြင့် ထုတ်ယူသုံးစွဲမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့လယ်တွင်တည်ရှိသော မိုးကုတ်အင်းတွင် ၁၉၂၅ ခုနှစ်ခန့်မှ စတင်ဖြစ်ပေါ်တည်ရှိခဲ့ပြီး နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သဲနုန်းများပို့ချ၍ တိမ်ကောလာပြီး ရေလှောင်နိုင်မှု ပမာဏ လျော့ကျလျက်ရှိသည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းပါက အင်းအနီးရှိ ရေနီမြောင်း ရေကြီးလျှံမှုဖြစ်ပေါ်ပြီး မိုးကုတ်အင်းအတွင်းသို့ သဲနုန်းများ စီးဝင်မှုကြောင့် ပိုမိုတိမ်ကောစေလျက် မိုးကုတ်အင်း သဲနုန်းတူးဖော်ခြင်းနှင့် လိုအပ်သည့် ဆက်စပ်လုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သီးသန့်ရန်ပုံငွေ ကျပ်သန်း ၁၉၁၀ တင်ပြတောင်းခံ၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးကုတ်အင်း ပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်ပြီး မူလရေလှောင်ကန် ရေသိုလှောင်နိုင်သော ပမာဏ ၂၀၃ ဧကပေခန့်မှ ၆၀၀ ဧကပေခန့်အထိ ပိုမိုသိုလှောင်နိုင်သည့်အတွက် မြို့နေလူထုကို သုံးစွဲရေပေးဝေနိုင်ခြင်းအပြင် ဒေသတွင်း စိန်းလန်းစိုပြည်ပြီး မြို့ကျက်သရေဆောင် အဖြစ်လည်း အကျိုးပြုနေပြီဖြစ်ပါကြောင်း၊ မိုးကုတ်အင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ခန့်မှန်းခြေစာရင်း ရေးဆွဲခဲ့ရာတွင် ကန်တွင်းသဲနုန်းတူးဖော်ခြင်း၊ ကန်ပေါင်မြေဖို့ခြင်း၊ ကန်ပေါင်အတွင်း ရေလှိုင်ကာကျောက်ရိုးစီခြင်း၊ ကန်ပေါင်ထိပ်ပြင်ခဲစာခင်းခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေဝင်အဆောက်အအုံ တည်ဆောက်ခြင်း၊ ကန်ပေါင်ထိပ်ပြင် အလျောနှင့် အောက်ခြေတို့တွင် ရေဆင်းမြောင်းများပြုလုပ်ခြင်း၊ ကန်ပေါင်ပေါ်သို့တက်ရန် လှေကားများပြုလုပ်ခြင်း စသည့်လုပ်ငန်းများပါဝင်ပြီး အဆိုပါဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ဖြစ် ပါကြောင်း၊
ရေဆိုးထုတ်မြောင်းမရှိသဖြင့် အနိမ့်ပိုင်း၏ အိမ်များရေနစ်မြုပ် ပျက်စီးမှုများရှိလာနိုင်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ မိုးကုတ်အင်းဧရိယာနှင့် ဆက်စပ်ပြီး ဆောင်ရွက်ရမည့် ရေဆိုးထုတ်မြောင်း အလျား ၂၆၅၀ ပေ၊ ထိပ်ဝအကျယ် ၁၂ ပေ တူးဖော်ခြင်း လုပ်ငန်းအား ခန့်မှန်းခြေစာရင်းတွင် ပါဝင်ခြင်း မရှိသော်လည်း လုပ်ငန်းဆောင်ရွက်ချက်အရ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးကုတ်အင်းပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား အထူးကိစ္စတစ်ရပ်ဖြင့် ဝင်ရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ရေပိုလွှဲအထွက်မြောင်းနှင့် ဆက်စပ်လျက်ရှိသော ရေဆိုးထုတ်မြောင်း အလျား ၁၀၀၀ ပေခန့်တွင် မိုးကုတ်မြို့နယ်၏ စည်ပင်သာယာရေးဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ရေဆိုးထုတ်မြောင်းဖြစ်၍ လူနေအိမ်များ၊ စားသောက်ဆိုင်များ၏ နောက်ကျောဘက်တွင် ကပ်လျက်စီးဆင်းနေခြင်း၊ ကျဉ်းမြောင်းလွန်းခြင်း၊ စွန့်ပစ်အမှိုက်များဖြင့် ပိတ်ဆို့နေခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနနှင့် မြို့နယ်အထောက်အကူပြုအဖွဲ့များ၏ စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ခွင့်ပြုရန်ပုံငွေအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းအား လုံးကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုးကုတ်အင်းမှာ မူလက မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားခြင်းဖြစ်သည့်အတွက် ကိုယ်စားလှယ်ကြီးတင်ပြသည့် ကန်ပေါင်ပေါ်တွင် လမ်းမီးတိုင်စိုက်ထူခြင်း၊ သံဇကာကာရံခြင်း၊ ရေပိုလွှဲအထွက်မြောင်းနှင့် ဆက်စပ် လျက်ရှိသော ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် ရေရှည်ထိန်းသိမ်းပြုပြင်ခြင်း စသည့်လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆက်လက်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ယခု တင်ပြချက်အရ မိမိတို့ စည်ပင်သာယာရေး၏ လုပ်ငန်းများဖြစ်သည့်အတွက် ဆက်လက်ဆောက်ရွက် ရမည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
