မေးခွန်း အကြောင်းအရာ
၁၉၈၀ ခုနှစ်တွင် မိမိတို့မြို့နယ်ရှိ ဝက်တိုးစိုက်ခင်းကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာနမှ နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါကြောင်း၊ စိုက်ကွင်း(၁)တွင် ၁၉၉၁ ဧကနှင့် စိုက်ကွင်း(၂) တွင် ၁၇၃၄ ဧက စုစုပေါင်း ၃၇၂၅ ဧက ရှိပါကြောင်း၊ အင်းသား၊ ငှက်ပျောတော၊ ကပေါင်းညစသည့် ကျေးရွာငါးရွာမှ လယ်မြေဧက ၁၁၀၀ ကျော် သိမ်းဆည်းခံရပြီး ကျန်ရှိမြေများသာ မြေလွတ်မြေများ ဖြစ်ပါကြောင်း၊ ဧပြီလ ၈ ရက်နေ့တွင် စိုက်ကွင်းမန်နေဂျာများနှင့် သွားရောက်တွေ့ဆုံ မေးမြန်းသည့် အခါတွင် စိုက်ကွင်း(၁)မှာ ၆၅၀ ဧကနှင့် စိုက်ကွင်း(၂)မှာ ၆၅၀ ဧကကို နိုင်ငံတော်ပိုင် မျိုးစေ့ထုတ် ဌာနအဖြစ် အသုံးပြုပါကြောင်း၊ အဆိုပါ ဝက်တိုးစိုက်ကွင်းကို နိုင်ငံတော်ပိုင် မျိုးစေ့ထုတ်ဌာနအဖြစ် အသုံးပြုသည်ကို ယခင်က ကြားသိခဲ့ရှိမရှိဘဲ ၎င်း ဌာနမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပြီး ဖြန့်ချိ သည်ဟုသာ ကြားသိရပါကြောင်း၊ ထို့ကြောင့် အမည်ခံသာဖြစ်ပြီး အမှန်တကယ်အကျိုးရှိသည့် ထုတ်လုပ်ခြင်းမျိုး မဟုတ်ဟု ဝေဖန်သုံးသပ်ရပါကြောင်းနှင့် ဒေသခံများ၏ ပြောကြားချက်အရလည်း ဧကအနည်းငယ် ၂၀၀၊ ၃၀၀ ခန့်ကို မျိုးစေ့ထုတ်ဌာနအဖြစ် အသုံးပြုဟန်ပြပြီး မည်သူများက မည်သည့်အတွက် အသုံးပြုသည်ကို ပွင့်လင်းမြင်သာစွာ သိရှိရခြင်းမရှိပါကြောင်း၊
၎င်းလယ်ယာမြေသည် သိမ်းဆည်းခံရသည့်အတွက် လယ်သမားတို့သည် လယ်မဲ့ယာမဲ့ဘဝသို့ ရောက်ရှိသွားကြပြီး စိုက်ကွင်းဧရိယာအပြင်ဘက်တွင် လုပ်ကိုင်စားသောက်ကြရသည်ကို မိမိတို့အစိုးရ အသစ်အနေဖြင့် စာနာနားလည်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဝက်တိုးစိုက်ကွင်းမြေဧက ၄၀၀၀ နီးပါးကို ယခုအချိန်တွင် မည်သို့မည်ပုံလုပ်ကိုင် ဆောင် ရွက်နေကြောင်းနှင့် အောင်မြင်ခြင်း၊ အကျိုးရှိခြင်းများ ဖြစ်ပေါ်နေခြင်းများမရှိပါက နိုင်ငံတော်နှင့် ဒေသခံပြည်သူများ၊ သိမ်းဆည်းခံ လယ်သမားများ အကျိုးရှိရန် မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို သိရှိပါလိုကြောင်း မေးမြန်းပါသည်။
ဝက်တိုးစိုက်ကွင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ကျေးရွာအုပ်စု၊ ဝက်တိုး ကျေးရွာအနီးတွင် တည်ရှိပြီး ၁၉၇၉-၁၉၈၀ ခုနှစ်တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်းမှ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံပိုင်စိုက်ကွင်းအဖြစ် ဧရိယာ ၃၇၂၆ ဧကကို သတ်မှတ်ဖော်ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၀၀ ပြည့်နှစ်တွင် လုပ်ငန်းများကို စနစ်တကျ စီမံ ဆောင်ရွက်နိုင်ရေးအတွက် ဝက်တိုး(၁) ဧရိယာ ၁၉၉၁ ဧကနှင့် ဝက်တိုး(၂) ၁၇၃၅ ဧကကို ပိုင်းခြားပြီး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ မြေအသုံးချနိုင်မှုတွင် ဝက်တိုး(၁) ၁၉၉၁ ဧကကို စိုက်ပျိုးနိုင်သည့် ဧရိယာ ၆၅၀ ဧက၊ ဖော်ထုတ်ခြင်းမပြုရသေးသော ဧရိယာ ၁၁၃၀ ဧကနှင့် လမ်း၊ ချောင်းမြောင်း၊ ရွာမြေ၊ ကျောက်စရစ်ကုန်းစသည့် မစိုက်ပျိုးနိုင်သော ဧရိယာ ၂၁၁ ဧက ပါဝင်ပါကြောင်း၊ ဝက်တိုး(၂)၏ ၁၇၃၅ ဧကမှာ စိုက်ပျိုးနိုင်သည့် ဧရိယာ ၆၅၀ ဧက၊ ဖော်ထုတ်ခြင်း မပြုရသေးသောဧရိယာ ၉၀၁ ဧကနှင့် မစိုက်ပျိုးနိုင်သော ဧရိယာ ၁၈၄ ဧကတို့ ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ဝက်တိုး(၁)နှင့် ဝက်တိုး(၂) ခြံ နှစ်ခုပေါင်းလျှင် စိုက်ပျိုးနိုင်သော ဧရိယာ ၁၃၀၀ ဧက၊ ဖော်ထုတ်ခြင်းမပြုရသေးသော ဧရိယာ ၂၀၃၁ ဧကနှင့် မစိုက်ပျိုးနိုင်သော ဧရိယာ ၃၉၅ ဧကရှိပါကြောင်း၊
ဌာနမှ မြေပိုင်ဆိုင်မှုအနေဖြင့် ဝက်တိုး(၁)နှင့် ဝက်တိုး(၂) ခြံနှစ်ခုပေါင်း ၃၇၂၆ ဧကအတွက် ခြံမန်နေဂျာ ဦးသိန်းထွန်းမှ ၁၀-၅-၂၀၁၃ ရက်စွဲဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်လျှောက်ထား ခဲ့ပြီး ယင်းလျှောက်ထားမှုအပေါ်မှာ လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ခဲ့ပါကြောင်း၊ စိစစ်ချက်များအပေါ် ရွှေဘိုခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၁၅-၇-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၈/၂၀၁၃) ဆုံးဖြတ်ချက်အရ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစ ံ(၇) ထုတ်ပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ ခွင့်ပြုချက်အရ ၂၃-၉-၂၀၁၃ ရက်နေ့တွင် မှတ်ပုံတင်ကြေးပေးသွင်းခဲ့ပြီး ဝက်တိုး(၁)နှင့် (၂) ခြံနှစ်ခုပေါင်း ၃၇၂၆ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိထားပြီး ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရည်မှန်းချက်အဖြစ် သတ်မှတ်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၂-၁၃ ခုနှစ် အထက်ဖော်ပြပါ ဝက်တိုးခြံ (၁)နှင့် (၂)ကို စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့ဌာနခွဲလက်အောက်သို့ သွတ်သွင်းခဲ့ပြီး မျိုးသန့်ခြံအဖြစ် ဒေသနှင့်ကိုက်ညီသည့် အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ ကုလားပဲနှင့် စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် စုစုပေါင်း ဧရိယာ ၄၃၅ ဧကမှ သီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊
နိုင်ငံတော်အကျိုးရှိအောင်၊ တောင်သူများအကျိုးရှိအောင် ဆောင်ရွက်မည့် အစီအမံအနေဖြင့် ဝက်တိုး(၁) မှ စိုက်ပျိုးနိုင်သောဧရိယာ ၆၅၀ ဧက၊ ဝက်တိုး(၂) မှ စိုက်ပျိုးနိုင်သော ဧရိယာ ၆၅၀ ဧက အနက်မှ ဧက ၅၅၀ စုစုပေါင်း ဧက ၁၂၀၀ ကို မျိုးကောင်းမျိုးသန့် မျိုးစေ့များ ပွားများထုတ်လုပ်နိုင် ရေးအတွက် ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း ဒေသတွင်း မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝက်တိုး(၁)နှင့် (၂) ခြံဧရိယာ စုစုပေါင်း ၃၇၂၆ ဧကသည် တောင်သူများထံမှ သိမ်းဆည်းထားခြင်း မဟုတ်သော်လည်း ဌာနမှ တာဝန်ယူဆောင်ရွက်နိုင်သည့် ဧက ၁၂၀၀ ကိုသာ ဆက်လက် တာဝန်ယူဆောင်ရွက်ပြီး ကျန်သည့် ၂၅၂၆ ဧကကို နိုင်ငံတော်သို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်လည်အပ်နှံပြီး လယ်ယာမြေစီမံခန့်ခွဲမ အဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများ တရားဝင်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်းနှင့် မအောင်မြင်ဖြစ်နေသည့် စိုက်ခင်းအပေါ် ဝေဖန်သုံးသပ်ချက်နှင့် ပတ်သက်ပြီး မိမိတို့နားလည် လက်ခံမှုရှိပါကြောင်း၊ မိမိတို့၏ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ဝေဖန်သုံးသပ်ချက်အပေါ် စီမံဆောင်ရွက်ပြီး အလေးအနက်ထားရန် ဆက်လက်စောင့်ကြည့် သုံးသပ်တင်ပြသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
