(ခ)-ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့မှလေးတောင်တိုက် နယ်သို့ သွားသောကားလမ်းအား ကျောက်ချော လမ်းအဖြစ်ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိနှင့်ဆောင် ရွက်ပေးနိုင်မှုရှိပါကမည်သည့်အချိန်တွင်ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၄.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u kyaw shweရမ်းဗြဲမြို့နှင့် ဆက်သွယ်သွားလာရသော လမ်းများအနက် ရမ်းဗြဲမြို့မှ လေးတောင်နယ်သို့သွားသော ကားလမ်းသည် ၁၆ မိုင်ခန့်ကွာဝေးပါကြောင်း၊ ဤလမ်းကို ရမ်းဗြဲမြို့နယ်တွင် ရေနံရှာဖွေတူးဖော်ရေး လုပ်ကိုင်ခဲ့စဉ်က မြန်မာ့ရေနံရှာဖွေရေးလုပ်ငန်းမှ စတင်ဖောက်လုပ်ခဲ့သော လမ်းဖြစ်ပြီး မကြာမီနှစ်များ အတွင်းက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်လွှဲယူထားသောလမ်း ဖြစ်ပါကြောင်း၊ ဤ လမ်းတစ်လျှောက်သည် အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ အထကခွဲ ၁ ကျောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၃ ခုရှိပါသည်။ ကျေးလက်ကျန်းမာရေး ဌာနတစ်ခု၊ တိုက်နယ်ဆေးရုံ တစ်ရုံနှင့် ရဲတပ်ဖွဲ့စခန်းတစ်ခုရှိပြီး ကျေးရွာပေါင်း ၃၀ ကျော်ဆက်သွယ်သွားလာနေသော မြို့နယ်၏ အရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ဤလမ်းကို ကျောက်ချောလမ်းအဆင့်ဟု တင်ပြထားသော်လည်း အမှန်တကယ်မှာ မြေသားလမ်းအဆင့်သာရှိပြီး ပွင့်လင်းရာသီတွင် မော်တော်ကားများနှင့် ဆိုင်ကယ်များ လွယ်ကူစွာသွားလာနိုင်သော်လည်း မိုးရာသီရောက်လာသောအခါ လမ်းများပျက်စီးသွားခြင်း၊ သစ်သားတံတားများ ခိုင်မာမှုမရှိခြင်းတို့ကြောင့် မော်တော်ကားရော၊ ဆိုင်ကယ်များပါ မကြာခဏ သွားလာနိုင်မှုမရှိကြသဖြင့် ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအတွက် ဆက်သွယ်သွားလာရာတွင် အခက်အခဲများစွာ ကြုံတွေ့ကြရပါကြောင်း၊ ရမ်းဗြဲမြို့မှ လေးတောင်တိုက်နယ်သို့သွားသော မော်တော် ကားလမ်းအား အမှန်တကယ် ကျောက်ချောလမ်းအဖြစ် တည်ဆောက်ပေးပြီး ရာသီမရွေးသွားလာနိုင်ပါက ရန်ကုန်မြို့မှ လေးတောင် တိုက်နယ်အထိ ကုန်ကားများနှင့် ခရီးသည်တင်ကားများ လာရောက်ကြရန် စိတ်ဝင်စားမှု ရှိနေကြပါကြောင်း၊ ဒေသထွက် သားငါး၊ ပုဇွန်များကို မြန်မာနိုင်ငံဒေသ အနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဤ လမ်းကို ရာသီမရွေးသွားလာနိုင်မှသာ ဒေသ နေပြည်သူများ၏ စီးပွားရေး၊ လူမှုရေးကိစ္စများ ပိုမိုအဆင်ပြေလာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ရမ်းဗြဲမြို့မှ လေးတောင်တိုက်နယ်သို့သွားသော မော်တော်ကား လမ်းအား ရာသီမရွေးသွားလာနိုင်သော အမှန်တကယ် ကျောက်ချော လမ်းဖြစ်အောင် ဆောင်ရွက် ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိနှင့် အကယ်၍ ဆောင်ရွက်ပေးနိုင်မှု ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ရမ်းဗြဲ-လေးတောင်လမ်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး မိုင်တိုင် ဝ/၀ မှ ၁၆/၁၆ အထိ ၁၆ မိုင် ၆ ဖာလုံ ရှည်လျားပြီး အမာခံလမ်းအဆင့် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းတွင် ပေ ၁၀၀ အောက် တံတားကြီး/ငယ် စုစုပေါင်း ၅၂ စင်းရှိပါကြောင်း၊ ရမ်းဗြဲ -အောင်လှပြင် ကားလမ်းပိုင်းသည် ကျောက်ချောလမ်းဖြစ်ပြီး မူလဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်း ဖြစ်ပါကြောင်း၊ အောင် လှပြင်-လေးတောင်လမ်းနှင့် ရမ်းဗြဲ-လေးတောင်လမ်း အပိုင်းများမှာ အမာခံလမ်းအမျိုးအစားဖြစ်ပြီး မူလ စည်ပင်သာယာရေးအဖွဲ့ ပိုင်လမ်းများဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲ‌ွပြောင်းသိမ်းသွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ခွဲဝေရရှိသည့်ပြည်နယ် ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနှင့် ဗြုံးကျောက်စနစ်ခင်းခြင်း ၁၀ မိုင် ၆ ဖာလုံ၊ ခွဲကျောက်ဖြင့် လမ်းပေါက်ဖာ၍ ဗြုံးကျောက်စနစ်ခင်းခြင်း ၈ မိုင်၊ သံကူကွန်ကရစ်တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း ၁၂ စင်း၊ သစ်သားတံတားများ ပြုပြင်ထိန်းသိမ်းခြင်း ၆ စင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကို ခွဲကျောက်ဖြင့် လမ်းပေါက်ဖာ၍ ဗြုံးကျောက်စနစ်ခင်းခြင်း ၆ မိုင် ၂ ဖာလုံ၊ ရေကျော်သည့် လမ်းအပိုင်း ၃ မိုင် ရှိသည့်အနက် လမ်းတာဘောင်မြှင့်၍ လမ်းကျောက်ခင်းခြင်း ၁ မိုင် ၄ ဖာလုံ၊ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ခင်းခြင်းတံတား တည်ဆောက်ခြင်း ၈ စင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရမ်းဗြဲ-လေးတောင်လမ်းသည် အမာခံလမ်းအဆင့် ဖြစ်သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အပြီး ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့် ရောက်ရှိစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်း/တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။