မေးခွန်း အကြောင်းအရာ
ဟုမ္မလင်း-ခန္တီးဒေသရှိ ပြည်သူများသည် ချင်းတွင်းမြစ်ရေကြောင်းလမ်းကိုသာ အဓိကထား သွားလာနေရ ပါကြောင်း၊ သို့သော် ရေကြောင်းလမ်းရှိသော်လည်း သာမန်ပြည်သူအများစုတွင် ဝန်ဆောင်ခမတတ်နိုင် သည့်အတွက် သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ယခုအခါ ချင်းတွင်းမြစ်ကြီးမှာလည်း နွေအခါ ပုံမော်တော်ကြီးများနှင့်ပင် သွားလာရန်ခက်ခဲပါသဖြင့် လူစီးရှပ်ပြေး မော်တော်ယာဉ်များသာ ပြေးဆွဲနိုင် ပါကြောင်း၊ မိမိတို့ ချင်းတွင်းအထက်ပိုင်းရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့မှာ မုံရွာမြို့ကြီးကို အဓိကမှီခိုအားထားနေရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဒေသထွက်ကုန်များ စီးဆင်းမှုမြန်ဆန်စေရန်အတွက် တိုင်းအစိုးရရုံးစိုက်ရာ မုံရွာမြို့နှင့် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော ကားလမ်းမကြီးတစ်ခု ရှိရန်လိုအပ်ပါကြောင်း၊ ၁၉၉၆ ခုနှစ် မြေသားလမ်းမကြီး အဆင့်သာတည်ရှိပြီး ယနေ့အချိန်အထိ ထိုလမ်းမကြီးသည် နွေရာသီမှသာ သွားလာနိုင်သော လမ်းအဆင့်ရှိနေပါကြောင်း၊ ၎င်း လမ်းမကြီးကို ရာသီမရွေးသွားလာနိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ ဗျူဟာလမ်းမကြီး ဖောက်လုပ်နေမှု အစီအစဉ်နှင့် ရာသီနေ့ညမရွေး သွားလာနိုင်သည့် လမ်းမကြီးအဖြစ် မည်သည့်နှစ်ကာလ အပိုင်းအခြားအတွင်း ဖောက်လုပ်ပြီးစီးရန် အချိန်သတ်မှတ်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး-ဗျူဟာကားလမ်းမကြီးတွင် မုံရွာ-ရေဦး လမ်းအပိုင်း မိုင် ၈၄ တစ်ဖာလုံမှ ၁၃၈ မိုင် တစ်ဖာလုံ အထိ ၅၄ မိုင်၊ ရေဦး-ကလေးဝလမ်းပေါ်ရှိ (ရေဦး-သက္ကယ်ကျင်းအပိုင်း) မိုင်တိုင် ဝ/၀မှ ၈၀ မိုင် ၃ ဖာလုံအထိ မိုင် ၈၀ ၃ ဖာလုံနှင့် သက္ကယ်ကျင်း- ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင်တိုင် ဝ/၀ မှ ၃၃၀/၀ ထိ ၃၃၀ မိုင်ပါဝင်ပြီး စုစုပေါင်း မုံရွာမှ ခန္တီးအထိဆိုလျှင် မိုင်ပေါင်း ၄၆၄ မိုင် ၃ ဖာလုံရှည်လျားပါကြောင်း၊ မုံရွာ-ရေဦးလမ်းပိုင်းအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး မုံရွာမှ ဒီပဲယင်းနယ်စပ်ထိ ၄၇ မိုင်ကို ဆုထူးပန်ကုမ္ပဏီမှ B.O.T စနစ်ဖြင့်လည်းကောင်း၊ ဒီပဲယင်းနယ်စပ်မှ ရေဦးမြို့အထိ ၇ မိုင်ကို လမ်းဦးစီးဌာနမှလည်းကောင်း၊ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကတ္တရာလမ်းအဆင့်ဖြစ်သည့်အတွက် ရာသီမရွေးသွားလာနိုင်သည့်လမ်း ဖြစ်ပါကြောင်း၊ ရေဦး-ကလေးဝလမ်း (ရေဦး-သက္ကယ်ကျင်းအပိုင်း) မှ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ကတ္တရာလမ်း ၄၄ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၃၄ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၁ မိုင် စုစုပေါင်း မိုင် ၈၀ နှင့် ၃ ဖာလုံဖြစ်ပါကြောင်း၊ ရေဦး- ကလေးဝလမ်း (ရေဦး-သက္ကယ်ကျင်းလမ်းအပိုင်း)ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း/တိုင်းဒေသကြီး ရန်ပုံငွေနှင့် ၃၄ ပေကျယ်သည့် မြေသားတာဘောင်ချဲ့ခြင်း၊ ဘောင်တင်ခြင်း ၁၀ မိုင်၊ ပေ ၄၀ အကျယ် မြေသားတာဘောင်ချဲ့တင်ခြင်း ၃ မိုင်၊ ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း ၁၆ မိုင် ၃ ဖာလုံ၊ ၂၄ ပေအကျယ်လမ်းချဲ့၍ ကတ္တရာကွန်ကရစ်ခင်းခြင်း ၁ မိုင်နှင့် ၄ ပေအကျယ် ဘီးလမ်းနှစ်ဖက် ကွန်ကရစ်လမ်းခင်းခြင်း ၁၉ မိုင် ၄ ဖာလုံ၊ ၄၅ ပေအရှည် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း ၂ စင်း၊ ၅ ပေအကျယ် Real fort Concrete Box Culvert တည်ဆောက်ခြင်း ၁၇ စင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး ကွန်ကရစ်လမ်း ၄ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၃ မိုင် ၆ ဖာလုံ၊ အမာခံလမ်း မိုင် ၂၆၀ နှင့် ၆ ဖာလုံ၊ မြေသားလမ်း ၆၁ မိုင် စုစုပေါင်း မိုင် ၃၃၀ ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနှင့် လျောစောက်နှိမ့်ချခြင်း ၃၄ ပေအကျယ် မြေတာဘောင်ချဲ့ခြင်းအတွက် ၃ မိုင်၊ ၁၆ ပေအကျယ် ကျောက်ရောမြေခင်းခြင်း ၅၃ မိုင် ၄ ဖာလုံ၊ ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း ၆ မိုင်နှင့် ၂ ဖာလုံ၊ အုတ်စီမြေထိန်းနံရံ တည်ဆောက်ခြင်း ၉၅၀ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း ၄၇ စင်း၊ ဘေလီတံတား တည်ဆောက်ခြင်း ၂ စင်း၊ ရေပြွန်တည်ဆောက်ခြင်း ၁၆ စင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရေဦး-ကလေးဝလမ်း(ရေဦး-သက္ကယ်ကျင်းအပိုင်း) မိုင် ၈၀ နှင့် ၃ ဖာလုံတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် ကွန်ကရစ်လမ်း ၁၉ မိုင်၊ ကတ္တရာလမ်း ၆၁ မိုင် ၃ ဖာလုံ ရောက်ရှိမည်ဖြစ်ပြီး ရာသီမရွေးသွားလာနိုင်မည် ဖြစ်ပါကြောင်း၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းတွင် လုပ်ငန်းများအားလုံးပြီးစီးပါက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် သက္ကယ်ကျင်း-သာနန်းတောအပိုင်း ၄၅ မိုင်နှင့် ဖောင်းပြင်-ဟုမ္မလင်း လမ်းဆုံ-ယက်ဖအပိုင်း ၁၁၉ မိုင် အရှည်သည် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်ရှိအပိုင်းများဖြစ်သည့် သာနန်းတော-ဖောင်းပြင်အပိုင်းနှင့် ယက်ဖ-ခန္တီးအပိုင်းတွင်ရှိသည့် တံတားများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမြဲတမ်းတံတားများအဖြစ် ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ၎င်း လမ်းပိုင်းများကို သုံးသပ်ကြည့်ရာတွင် ယာဉ်သွားလာမှု အစီးရေ ၁၂၀ ခန့်ရှိသည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်းအပိုင်းကို ပထမဦးစားပေးအစီစဉ်ဖြင့် ငါးနှစ်ကာလအတွင်း ကွန်ကရစ်လမ်း အဆင့်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့်ဟုမ္မလင်း-ခန္တီးလမ်းအပိုင်းကိုလည်း ကျောက်ချောလမ်း အဆင့်အထိရောက်ရှိအောင် စီမံချက်များရေးဆွဲပြီး ရာသီမရွေးသွားလာနိုင်မည့် လမ်းများအဖြစ် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
