ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျောက်ဆုံးရာတွင် ပါဝင်ခဲ့သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8-200F အမျိုးအစား၊ လေယာဉ်အမှတ် - ၅၈၂၀) ပျောက်ဆုံးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော အရာရှိ/စစ်သည်များ၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က လှူဒါန်းငွေ ၁၂,၂၀၀,၀၀၀ိ/- (ကျပ်တစ်ရာနှစ်ဆယ့်နှစ်သိန်း) ကို တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သော အရာရှိ/စစ်သည်များနှင့် မိသားစုဝင်များအတွက် ပေးအပ်လှူဒါန်းရာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် (နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး) က လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်

  

Standard (Image)