ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် ကမ္ဘာ့ဘဏ်မှ Sr. Natural Resources Management Specialist ဖြစ်သူ Ms. Nina Doetinchem ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် သစ်တောကဏ္ဍနှင့်စပ်လျဉ်းသည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက် များ၊ မြန်မာနိုင်ငံ၏ သစ်တောပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းများ ဈေးကွက်မြှင့်တင်နိုင်ရေးနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းဆိုင်ရာကိစ္စရပ်များ၊ သဘာဝ အခြေပြုခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် အခွန်အခ ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းရာတွင် သစ်တောဆိုင်ရာ မူဝါဒများ၊ သစ်တောဥပဒေ၊ နည်းဥပဒေများ ပိုမိုပြည့်စုံ ကောင်းမွန်စေရေးအတွက် ကြိုးစားဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်း တည်ထောင်စိုက်ပျိုးသည့် ဒေသခံများအတွက် ချေးငွေရရှိရေးဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးနေထက်ဝင်းနှင့် ဦးသက်နောင် တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်
