ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Moon Hee - sang ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁၀၀ နာရီချိန်တွင် Korea Development Institute (KDI) ဒုတိယဥက္ကဋ္ဌ Mr. Youngjae Lim ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် များ၊ ကိုရီးယားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(KDI)မှ ကူညီဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ ပြည်သူများအချင်းချင်း၊ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တို့ တက်ရောက်ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၃၃၀ နာရီချိန်တွင် Sejong Government Complex သို့လည်းကောင်း၊ ၁၆၀၀ နာရီချိန်တွင် SK Telecom သို့လည်းကောင်း သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်
