ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Moon Hee - sang ၏ ဖိတ်ကြား ချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကိုရီးယား သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Lee Nak-yon က အောက်တိုဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် (၁၇၃၀) နာရီအချိန်တွင် ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တို့ တက်ရောက်ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက် ဒေသစံတော်ချိန် (၁၀၀၀)နာရီချိန်တွင် ဆိုးလ်မြို့ရှိ National Palace Museum of Korea သို့လည်းကောင်း၊ (၁၁၁၀)နာရီချိန်တွင် Changdeokgung Palace သို့ လည်းကောင်း၊ (၁၄၀၀)နာရီ ချိန်တွင် Namsangol Traditional Garden သို့လည်းကောင်း သွားရောက်လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်
