ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အာရှ - ပစိဖိတ်ဒေသအတွင်း ကော်မရှင်၏ ပါဝင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာ လုပ်ငန်းစဉ် (၂၀၂၀ - ၂၀၂၄) နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်
