ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင် များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စား လှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲသို့ တက်ရောက်

 

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်(National Assembly) ဥက္ကဋ္ဌ၊ အာဆီယံ ပါလီမန်များညီလာခံ (AIPA) ဥက္ကဋ္ဌ H.E. Mr. CHUAN LEEKPAI ၏ ဖိတ်ကြားချက်အရ အာဆီယံ ပါလီမန်ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေး (AIPA Preparatory Meeting) နှင့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ AIPA-ASEAN Interface သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန် ၂၀ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက် ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပသည့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ AIPA အဖွဲ့ဝင်နိုင်ငံ များဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပါလီမန်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ ကြသည်။

ထို့နောက် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ၊ အာဆီယံပါလီမန်များညီလာခံ (AIPA) ဥက္ကဋ္ဌ နှင့် အာဆီယံပါလီမန်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ၊ AIPA အထွေထွေ အတွင်း ရေးမှူးချုပ် တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယင်းနေ့ ညနေပိုင်း ၁၅း၄၀ နာရီမှ ၁၆း၃၀ နာရီ အထိ ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. CHUAN LEEKPAI နှင့် သီးခြားတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပြည်သူအချင်းချင်း၊ လွှတ်တော် အချင်းချင်းဆက်ဆံရေးများ ခိုင်မာတိုးတက်လာစေရေး အတွက် နှစ်နိုင်ငံ လွှတ်တော်ခေါင်းဆောင် များအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်လည်ပတ်ရေး၊ လွှတ်တော်ချင်း ဆက်ဆံရေးကိစ္စများ ပိုမိုမြှင့်တင် ဆောင်ရွက် သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ယင်းနေ့ ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယက ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ထိုင်းနိုင်ငံ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ နှင့် အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌက တည်ခင်းသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Athenee Hotel Bangkok ၊ Pimarn Siam Hall ၌ ကျင်းပသည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ “AIPA-ASEAN Interface” သို့ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ အထက် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ H.E. Prof. Dr. PORNPETCH WICHITCHOLCHAI က တည်ခင်းသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Athenee Tower ရှိ Crystal Hall ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား (Opening Ceremony of the 34th ASEAN Summit) သို့ တက်ရောက်ခဲ့ပြီးနောက် ဘန်ကောက်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေ ၆ နာရီခွဲတွင် ပြန်လည်ရောက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်

 

Standard (Image)