ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room3) ၌ ကျင်းပသည့် လွှတ်တော်ရုံးများမှ အရာထမ်းများအတွက် သံတမန်ရေးရာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က အဖွင့်အမှာစကား ပြောကြားရာတွင် The Asia Foundation ၏ အစီအစဉ်ဖြင့် ယခုဖွင့်လှစ်သည့် လွှတ်တော်ရုံး ဝန်ထမ်းများအတွက် သံတမန်ရေးရာ အခြေခံသင်တန်းသည် လွှတ်တော်ရုံးများမှ အရာရှိများအတွက် သံတမန်ရေးရာနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များကို သိရှိပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းအဖွဲ့တို့မှ သင်ရိုးညွှန်းတမ်းပြုစု၍ အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များမှ လာရောက်သင်တန်း ပို့ချသွားမည်ဖြစ်ပါကြောင်း။
မိမိတို့လွှတ်တော်များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာပါ ကြောင်း၊ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများပါ နိုင်ငံတကာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများနှင့် လေ့လာရေးခရီးစဉ်များကို မကြာခဏ သွားရောက်နေကြရသည့်အတွက် မိမိတို့ ဝန်ထမ်းများအနေဖြင့် သံတမန်ဆက်ဆံရေး အခြေခံ သဘောတရားများကို သိရှိနားလည်ထားဖို့ လိုအပ်မည်ဖြစ်ပါကြောင်း။
ယခုသင်တန်းမှာ ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို အသုံးချပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာလွှတ်တော် အသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပြီး နိုင်ငံ၏ ရပ်တည်ချက်မူဝါဒများကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာ စေရန် ဆောင်ရွက်နိုင်သည့် သံတမန်ပညာရပ်များနှင့်ပြည့်စုံသည့် အရည်အသွေးရှိသော လွှတ်တော်ရုံး ဝန်ထမ်းများ ပေါ်ထွက်လာရန်အတွက် မိမိအနေဖြင့် ယုံကြည်မျှော်လင့်ပါကြောင်း၊ အလားတူ သင်တန်းကနေ ရရှိလာသည့် သံတမန်ပညာရပ်များကိုလည်း မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
