ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် International IDEA မြန်မာရုံး၏ ဌာနေအကြီးအကဲဖြစ်သူ Mr. Mark McDowell အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် International IDEA အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍဖြစ်သော တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများနှင့် ဥပဒေပြုရေး လုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်မှုမြှင့်တင်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်နိုင်ငံ အကောင်အထည်ဖော်ရေးအတွက် အခြေခံလိုအပ်ချက်များနှင့် စပ်လျဉ်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
