ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း တို့သည် ကမ္ဘာ့ဘဏ်အုပ်စုမှ Myanmar Peaceful and Prosperous Communities Project Preparation Mission အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေနိုင်မည့် လုပ်ငန်းများ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသအတွင်း အခြေခံအဆောက် အအုံများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား မြှင့်တင်ခြင်း၊ အသိပညာဗဟုသုတမျှဝေရေးနှင့် လေ့လာ သင်ယူရေးဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်မည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌများနှင့်အတူ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဦးအင်ထုံးခါးနော်ဆမ်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
