ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း သည် ILO မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်    Mr.Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ILO အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ အကူအညီပေးမှု အခြေအနေများ၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရန် ကြိုးစားသူများ အတွက် ကာကွယ်ပေးမှုဆိုင်ရာကိစ္စရပ်နှင့် အလုပ်ရှင်၊ အလုပ်သမားများအငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းနှင့်အညီ ကောင်းမွန်သော အလုပ်သမားရေးရာ ဥပဒေများ ပေါ်ထွက် လာရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်း ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များတောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစောတင်ဝင်းနှင့် ဦးမြင့်သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ တင်ဋ္ဌေးအောင်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

Standard (Image)