ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၈) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား လွှတ်တော်ရပ်နားထားစဉ် အချိန်ကာလနှင့် ယခု ကျင်းပနေဆဲ ပုံမှန်အစည်းအဝေးများတွင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားလိုပါ ကြောင်း၊ လွှတ်တော်ကော်မတီများသည် လွှတ်တော်ကို တာဝန်ခံဆောင်ရွက်ရသကဲ့သို့ လွှတ်တော်သည် လည်း ကော်မတီများကို တာဝန်ခံရပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း ကြိုတင်ဆောင်ရွက်ထားခဲ့သည်များ ရှိပါကြောင်း၊ ထို့အတူ လွှတ်တော်အစည်းအဝေးကာလအတွင်း လွှတ်တော်လုပ်ငန်းများအား အချိန်မီ ဆောင်ရွက်သွားနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေး လျာထားချက် ပြက္ခဒိန်ကို ရေးဆွဲထားပါကြောင်း၊ အလားတူ လွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများ၏ ဖွဲ့စည်းပုံနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားပြီး လွှတ်တော်နှင့် လွှတ်တော်ကော်မတီများကို ထိထိရောက်ရောက် ပံ့ပိုးကူညီနိုင်ရေးအတွက် နိုင်ငံတကာလွှတ်တော်များနှင့်အညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ မှန်ကန်စွာဆောင်ရွက်ရန် အရေးကြီးပြီး Parliamentary Oversight Function ကို အထူးဂရုပြု ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံ စာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က သက်ဆိုင်ရာကော်မတီ များအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ် များနှင့် ပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
