ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ဂျာမနီနိုင်ငံ အခြေစိုက် GIZ အဖွဲ့အစည်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ်ငွေကြေး ဆိုင်ရာ အသိပညာဖလှယ်မှု တစ်ရပ်အနေဖြင့် GIZ အဖွဲ့အစည်း၏ Professor. Dr. Eckart Koch က ငွေလဲလှယ်နှုန်းနှင့် ငွေကြေးလဲလှယ်နှုန်းစနစ် (Exchange Rates and Exchange Rates System) အားလည်းကောင်း၊ Dr. Rudiger Schafer က မြန်မာ့အာမခံလုပ်ငန်းအတွက် မူဝါဒ အကြံပြုချက်များကို အာဆီယံနိုင်ငံများအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နေမှုများအား လည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များမှ သိလိုသည်များကိုမေးမြန်းကြရာ GIZ အဖွဲ့အစည်းမှ ပြန်လည်ရှင်းလင်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
၎င်းအစည်းအဝေးကို ၁၅.၁၁.၂၀၁၈ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
