ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားလူမျိုးစုရေးရာကော်မရှင်မှ ဒုတိယဝန်ကြီး Mr. Li Changping ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတိုင်းရင်းသားရေးရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံတိုင်းရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးရေး၊ ရိုးရာစာပေယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီအတွင်းရေးမှူး ဦးနိုင်သီဟနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
