ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် EuroCham Myanmar အဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် EuroCham Myanmar အဖွဲ့အနေဖြင့် တရားမဝင်ကုန်စည် ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအား လွှတ်တော်သို့ တင်ပြသွားနိုင်ရေး၊ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော ဥပဒေပြုများရေးဆွဲပြဋ္ဌာန်းရာတွင် ပါဝင်ဆွေးနွေးခွင့်ရရှိရေး၊ စားသုံးသူအခွင့်အရေးကာကွယ်ရေး ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးကျော်စိုးလင်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာ မြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်
