ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Australian Volunteers Program (AVP) အဖွဲ့၏ အရှေ့အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Sharman Selvidge အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Australian Volunteers Program (AVP) အဖွဲ့အနေဖြင့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့(JCC) နှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ အခန်းကဏ္ဍမြှင့်တင်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
