ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အစ္စရေး-မြန်မာ နှစ်နိုင်ငံကြား အစိုးရ အချင်းချင်း၊ လွှတ်တော် အချင်းအချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ယဉ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
Standard (Image)
