ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Westminster Foundation For Democracy (WFD) ၏ အမှုဆောင်အရာရှိချုပ် Mr. Antony Smith အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Westminster Foundation For Democracy (WFD) အနေဖြင့် မြန်မာလွှတ်တော် များ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူပြု ဝန်ထမ်းများအား လွှတ်တော်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍများတွင် အထောက်အကူဖြစ်စေမည့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချိုနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်
