ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေးအသင်း အထွေထွေ အတွင်းရေးမှူးနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Kozo YAMAMOTO ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အလုပ်သင်အလုပ်သမားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်မွေးမှု ပညာသင်ကျောင်းများ တည်ဆောက်ဖွင့်လှစ်နိုင်ရေး နှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်
