ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးသည် တည်ငြိမ်အေးချမ်းမှုနှင့် ဆက်စပ်နေပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးပါကြောင်း၊ နှစ်နိုင်ငံပြည်သူ၊ အစိုးရနှင့်လွှတ်တော်များ အချင်းချင်းသည် ချစ်ကြည်ရင်းနှီးမှု ရှိပြီးသားဖြစ်ပါကြောင်း။ ယင်း ချစ်ကြည်ရင်းနှီးမှုကို မိမိတို့လက်ထက်တွင်လည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားပါသည်။
ထို့အတူ ဧည့်သည်တော် စင်ကာပူဝန်ကြီးချုပ်က မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ဆက်ဆံရေးသည် ကောင်းမွန်ပြီးဖြစ်သည့် အတွက် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုတိုးမြှင့် ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံအခွင့်အလမ်းများ ပူးပေါင်းဆောင်ရွက်နေ သည်သာမက နှစ်နိုင်ငံလွှတ်တော်များ အချင်းချင်းနှင့် ဥပဒေရေးရာကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန်ရှိပါကြောင်း ပြောကြား ပါသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဧည့်သည်တော် ဝန်ကြီးချုပ်တို့သည် ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စင်ကာပူဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဦးအုန်းမောင်၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များဖြစ်ကြသော ဒေါက်တာတင်အောင်၊ ဦးဝင်းသိန်းဇော်၊ ဦးမျိုးဇော်ဦး၊ ဒေါက်တာ ဒေါ်ရွှေပုံ နှင့် ဒေါက်တာ ဒေါ်သန်းငွေ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၈ ရက်
