ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် မီဒီယာခန်းမ၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံပြီး လွှတ်တော် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ရှင်းလင်း ပြောကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုအချိန်ပေးပြီး မအားလပ်သည့်ကြားမှ တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ မူလကမိမိအနေဖြင့် မိမိ၏မဲဆန္ဒနယ်တွင် ရှိသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား လွှတ်တော်အတွေ့ကြုံများ ရှင်းလင်းပြောကြားရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း အခြေအနေနှင့် အချိန်အခါအရ ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားလိုပါသဖြင့် ယခုလို စီစဉ်လိုက်ရခြင်း ဖြစ်ပါကြောင်း။

ယနေ့ နိုင်ငံတော်တွင် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်ပြောင်း စနစ်ပြောင်းသို့ သွားရောက်မည့် အချိန်အခါသမယတွင် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ဖို့ဆိုလျှင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကိုယ်စား ဆောင်ရွက်ရသည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာစသည့် အာဏာကြီး (၃) ရပ်တွင် ဥပဒေပြုရေးအာဏာကို ပီပီပြင်ပြင် သေသေချာချာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူများ၏ လိုအပ်ချက်များနှင့် ဆန္ဒများကိုလည်း ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် ရမည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများတွင် အခက်အခဲမရှိ စေလိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို သေချာစွာ သိရှိနားလည် ထားရန် လိုအပ်ပါကြောင်း။

လွှတ်တော်များသည် မိမိတို့ရှေ့ဆက် လုပ်ဆောင်ရမည့်လမ်းကြောင်းတွင် ထင်သာမြင်သာ ရှိအောင် ဆောင်ရွက်နိုင်မှသာ ကျန်သည့်ကိစ္စများတွင် အောင်မြင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်ကျရာတာဝန်ကို လေးစားတန်ဖိုးထား၍ ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ကိုလည်း မှန်မှန်ကန်ကန် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ ကိုယ်စားလှယ်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ ပြောဆိုပြုမူနေထိုင်ကြရန် လိုပါကြောင်း။

ယနေ့ ဒီမိုကရေစီနိုင်ငံထူထောင်ကြဖို့ဆိုလျှင် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲများ မထားရှိပဲနိုင်ငံနှင့် နိုင်ငံသားများအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ဖြင့် အားလုံးညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ခုနှစ် ဧပြီလ ၉ ရက်

Standard (Image)