ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ အမည်စာရင်း ကြေညာ

ယနေ့ကျင်းပသည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့အစီအစဉ် (၁၁.၃.၂၀၁၆) ရက်နေ့နံနက် ၁၀း၀၀ နာရီတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က အစည်းအဝေးကြီးကြပ်ကွပ်ကဲသူအဖြစ် လည်းကောင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ လွှတ်တော်ရုံး) က အခမ်းအနားမှူးအဖြစ် လည်းကောင်းဆောင်ရွက်သည်။

ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းသူ တစ်ဦးထက်ပိုသောကြောင့်  ဒုတိယသမ္မတလောင်း တစ်ဦးအားရွေးချယ် တင်မြှောက်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ အပါအဝင် ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲရွေးချယ်သည်။

ထိုသို့ လျှို့ဝှက်ဆန္ဒမဲပေး မဲခွဲရွေးချယ်ဆုံးဖြတ်ရာတွင် ဦးထင်ကျော် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း) က ထောက်ခံဆန္ဒမဲ  ၂၇၄ မဲနှင့် ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုးမဲဆန္ဒနယ်) က ထောက်ခံ ဆန္ဒမဲ    ၂၉  မဲရရှိသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၂ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆန္ဒမဲအရေအတွက်ပိုမိုရရှိသော ဦးထင်ကျော် (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း) ကို  ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း  လွှတ်တော်ကို ကြေညာသည်။

ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဦးထင်ကျော် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း) ကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့တွင် ဒေါ်ခင်စန်းလှိုင် (ပုလဲ မဲဆန္ဒနယ်) က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး ဦးမြင့်ကြည် (ကသာမဲဆန္ဒနယ်) က ထောက်ခံခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၁၁ ရက်

Standard (Image)